+ e q u a l s -

Monthly Archives: September 2012

You are browsing the site archives by month.

ပိတ်ပင်မထားပါ

လှေကား ရဲ့ အနက်

 

ဘယ်လောက်လဲ၊ ဘယ်ထိ ခံမှာလဲ ၊ဘ

ယ်ခံထိပြောမှာ

 

ပြော

 

လှေကား

နက်နက်

ကြီး

 

ရဲ့ေ အာက်

မှာ

 

မျှော်စင်လို၊ ထုလုံးရှည် ပြောင်းဝ လို မိန်း

 

အော်ပစ်လိုက်မယ်

ရေးစရာေ

ရရေရာရာ

ကရေကရာ

မယေမယာ

ပလေပလာ

မအေမလာ

ရေရေရာရာ

ရေးစရာ စာလုံး

ချည်း

 

ရှင်က

စလစ်ဘိုးရိမ်းလို လူစား၊

မဆလာ စားပြီး ၀ လာတယ်

 

ဥ တွေ သိပ်လှတာပဲ

FM ကနေ လိုင်စင်မယူဘဲ

သားဖောက်လိုက်တာ

အဲဒါ တီဗီလိုင်းအတိုင်း

အိပ်မက်တိုင်း

တီဗီလိုဘဲ၊ အရောင်းပေါင်း သန်းနှစ်ထောင်လို့ဖော်

 

ပြ

 

နိုင်တဲ့ စိတ်ကူးအိပ်မက် အမျိုးအစား

လပ်ပပ် နာရီ

 

ပြောမယ်ရယ်တဲ့ ဖြစ်ကုန်စင်၊

ညစ်ကုန်ရင်၊ နစ်ပုံက ထူးလှပါဘိ၊

မနှစ်အကုန်က လမ်းလယ်မှာ ပြာဖြစ်တဲ့

သော့ချောင်းငယ်၊

ဖော့ဖယောင်းနှယ် အရည်ပျော်ကုန်တဲ့ ပြည်လမ်းဟာဖြင့်

ကော့သောင်းမယ်၊ စစ်မဖြစ်တာ သူ ၀မ်းသာပါဘိတောင်းရယ်တဲ့

 

စောက်ရူး . . .

ပါကွာ

 

မင်းက M-16 ကွာစိ လို လူစား

 

ဝင်ပေးတာတောင် ဘယ်သူမှ ကျေးဇူးမတင်

 

လင်မရ ခဏခဏ နားပူလာလို့ မောင်းကို ပြန်တပ် လိုက်တယ် စေ

 

တနာ နဲ့ပါ   နဂါး

 

 

‘မန ခပူန’ပုံသဏ္ဍာန် ရဲ့ ရွေ့လျားမှုဆိုတာကလည်း ‘ရီစိုင်ကလ်’အကြောင်းအရာ

‘မန ခပူန’ပုံသဏ္ဍာန် ရဲ့ ရွေ့လျားမှုဆိုတာကလည်း ‘ရီစိုင်ကလ်’အကြောင်းအရာ

တစ်ည ကျွန်တော်တို့ Vacuum Air မှာ ထိုင်ရင်း PEM sKoOL မှာ လိုအပ်နေသေးတာ ဆောင်းပါးတွေပဲ လို့ ပြောဖြစ်ခဲ့ကြတယ်။ အဲဒီအချက်ကို စတင်သတိပြုမိစေခဲ့သူကတော့ ထုံးစံအတိုင်း ဆရာဇေယျာလင်းပါပဲ၊ ရေးဖြစ်အောင် တိုက်တွန်းနှိုးဆော်သူက ကိုသိုးထိန်း နဲ့ အညို(သိုးထိန်း(အန္တိမ) နဲ့ လင်းနီညို)။ ဒီနေရာမှာ PEM sKoOL ကဗျာဆရာလည်းဖြစ်၊ ဝတ္ထုတို၊ ဆောင်းပါးတွေ လည်းရေးတတ်တဲ့ အညို့ရဲ့ ကဗျာတစ်ပုဒ်ကို ချဉ်းကပ်ကြည့်ရင်း ပထမတစ်လှမ်းကို လှမ်း ကြည့် လိုက်ခြင်းပါပဲ။ ဆရာဇော်ဇော်အောင်၊ ဆရာဇေယျာလင်း၊ ဆရာမင်းခက်ရဲ တို့ရဲ့ စာပေသီအိုရီ ဆောင်းပါးတွေဟာ ကျွန်တော့်ရဲ့ ကဗျာရေးခြင်းအပေါ်ရော ကဗျာဖတ်ခြင်းအပေါ်မှာပါ တော်တော်များများ လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါတွေကိုလည်း အညို့ရဲ့ ဦးထိန်း သို့ ဆောင်းပါး မှာ တော်အသင့် ပါခဲ့ပြီးပါပြီ။ ကဗျာဗေဒ တစ်မျိုး တစ်စားတည်းနဲ့ ကဗျာအားလုံးကို ချဉ်းကပ်လို့ ဘယ်လိုမှမရနိုင်ပါဘူး။ ကဗျာဖတ်ကျင့်နည်းပါးသူများ (ဝါ) ကဗျာဗေဒ နဲ့ စိမ်းနေသေးသူများ အဖို့တော့ ကဗျာတစ်ပုဒ်ဆီချဉ်းကပ်ပုံကို ဖတ်ရှုရင်း၊ အတူလိုက်လံချဉ်းကပ်ကြည့်ရင်း Language-Oriented ’21ရာစုမြန်မာကဗျာ’ထဲကို ၃ စက္ကန့်လောက်တော့ ရောက်ရှိနိုင်မှာပါ။ ရောက်ရှိပြီး ဆက်လက်နေထိုင်လိုခြင်း(ကဗျာအလုပ် ဆက်လက်လုပ်ကိုင်လိုခြင်း) အတွက် တော့ ဆက်လက်ကြိုးစားကြယုံပေါ့။ (ကျွန်တော်တို့လည်း ကြိုးစားနေဆဲပါပဲ)။ ဒီနေရာမှာ လင်းရမ္မာ ဟာ ကဗျာဖတ်သူတစ်ဦးအနေနဲ့သာ ချဉ်းကပ်မှာဖြစ်ပြီး ဝေဖန်ရေးဆရာ တစ်ယောက်အနေနဲ့ မဟုတ်သလို ကဗျာဆရာ တစ်ယောက် အနေနဲ့လည်း မဟုတ်ပါဘူး။ အဲဒီအတွက် လိုအပ်ချက်၊ အားနည်းချက်တွေများစွာရှိနေမှာပါ။ တစ်ဖက်တစ်လမ်းက ကဗျာ့ဝန်ကိုထမ်းခြင်းလည်း ဖြစ်ပြီးတော့၊ ကိုယ့်ကဗျာဗေဒကို ပြန်လည်စစ်ဆေးကြည့်ခြင်းလည်းဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်ထဲကို ကဗျာဖတ်သူအားလုံးဟာ တစ်မျိုးတစ်စားတည်း မည်သို့မျှ နားလည်နိုင်မှာမဟုတ်သလို နားလည်စေရန်လည်း ပြုလုပ်လို့မရနိုင်ဟုကျွန်တော် ထင်ပါတယ်။ မအီမသာ ဖြစ်ခြင်းတွေ၊ အစာမကြေလေမလည်ခြင်းတွေ ဖြစ်ခဲ့မယ်ဆိုရင် ဆရာဇော်ရဲ့ စကားကို ပြင်ဆင်သုံးစွဲပါရစေ ‘နောက်လူတွေသာမကပဲ ရှေ့လူ၊ဘေးလူ၊အလယ်လူ၊အပေါ်လူ၊ အောက်လူ၊ တောင်လူ၊ မြောက်လူတွေ ဖြည့်စွက်ကွန်မန့်ပွတ်ကြပါလိမ့်မယ်’။

အညို့ရဲ့ ကဗျာတွေ( “ဆိုးရွားစွာ… …”နဲ့ “လှလှကြီး” နောက်ပိုင်း) မှာ ဖွဲ့စည်းတည်ဆောက်ပုံအရ ရှုပ်ထွေးပွေလီပြီး၊ ဖတ်ရခက်ခဲ တာတွေကို လျော့ချ လာသယောင်ထင်ရပါတယ်။ အရင်တုန်းက ‘နေ့’ ဆိုရင် A4 စာမျက်နှာ ၃၀ ကျော် ၄၀ နီးပါးလောက်(ထို့ထက်ပိုချင်လည်းပိုမည်) ရှိပြီး၊ ဖွဲ့စည်းတည်ဆောက်ပုံ ဟာ တော်တော်ရှုပ်ထွေးပွေလီ နေခဲ့တယ်။ သူပဲထုတ်မပြလို့ပဲလားတော့မသိ အခုတလော ထိုကဲ့သို့သော သူ့ကဗျာအသစ်တွေကို အွန်လိုင်းမှာရော အော့ဖ်လိုင်းမှာပါ မတွေ့ရတော့တာတော့ သတိထားမိတယ်။ ဆရာဇေယျာလင်းကို PEM sKoOL ရဲ့ ဒုတိယစာအုပ် လှလှကြီး အတွက် အမှာစာရေးခိုင်းတုန်းက PEM sKoOL ကဗျာဆရာတွေကို မျဉ်းတစ်ကြောင်းပေါ် တင်ပြ ခဲ့ဖူးတာ မှတ်မိပါနေသေးတယ်။(တစ်ချိန်မှာ တေလေပြောပြ၍)။

 

CONVENTIONAL<————————–> EXPERIMENTAL

ကြက်သွန်<->တေလေ<->သိုးထိန်း(အန္တိမ) <->လင်းနီညို<->လင်းရမ္မာ

 

ဒါဟာလည်း ထိုအချိန်ထိုအခါက ပြုလုပ်ထားတဲ့ ပစ္စည်းအပေါ်ကြည့်ပြီး ထိုအချိန် ထိုအခါက မှတ်ချက်သာ ဖြစ်ပါတယ်။ ပုံသေမဟုတ်ပါဘူး။ ဒါပေမယ့် အခု ချဉ်းကပ်မယ့် အညို့ရဲ့ကဗျာဟာ ၂၀၁၁ ခုနှစ် တုန်းကရေးထားတာလို့ သိရပါတယ်။ ဒီကဗျာကို ရွေးချယ်တာကလည်း ဖတ်ရအတော်အတန်လေး ခက်ခဲမယ်ထင်လို့ပါ။ အနီးစပ်ဆုံးပြောရရင် ကိုယ့်ကဗျာဗေဒနဲ့ နီးစပ်မှုရှိနိုင် လို့ပါပဲ။ ကိုသိုးထိန်းနဲ့ အညို နှစ်ယောက်ပေါင်းကလောင် ‘သိုးနီညို’ အနေနဲ့ကတော့ ဘာသာစကားအခြေပြု စကားပြေကဗျာတွေ၊ ဘာတွေ ညာတွေ လိုင်းစုံအောင် တွေ့နေရပါသေးတယ်။ ( PEM sKoOL မှာ အချင်းချင်း ၂ ယောက် ၃ယောက် လောက်ဖြစ်စေ၊ အားလုံးဖြစ်စေ ပေါင်းစပ် ရေးသားပြုလုပ်ထားတဲ့ကဗျာတွေရှိပါတယ်။ အဲဒီကဗျာတွေကိုလည်း တချိန်မှာ တေလေက ချဉ်းကပ်မယ်လို့လည်း သတင်းကောင်းပါး ပါရစေ။) ။ အခုတော့ အောက်ပါ အညိုပြုလုပ်စီရင်ထားတဲ့ကဗျာကို ပုံသဏ္ဍာန်ပိုင်း၊ ပြုလုပ်မှုပိုင်း ဆိုင်ရာရှုထောင့်ကပဲ ချဉ်းကပ်ကြည့်ပါမယ်။

  ”ရီစိုင်ကလ်” (Recycle) လုပ်ခြင်းအတတ်ပညာသည် ”မန ခပူန” ကို ဖြစ်စေနိုင်ပါသည်တဲ့

အခု ကျွန်တော်တို့ အဖွဲ့ရောက်နေတာက၊

ကျုံမနင်း ကျေးရွာ၊ မော်လမြိုင်ကနေ တစ်နာရီ ခရီး၊

(ရေနွေးကြမ်းခွက်ကို အသာလှမ်းယူပြီး ဆက်ပြောတယ်)

အင်း

အဲဒီ

အချိန် တွေ နေရာတွေ

အခု ကျွန်တော်တို့ အဖွဲ့ရောက်နေတာက၊

အဲဒီ

မော်လမြိုင်ကနေ တစ်နာရီ ခရီး

ဆိုတာ

နေရာလား

ဟေ့

အချိန်လား

(ဘာလို့ နှစ်ခုပဲ ပေးရွေးတာလဲ)

အကွာအဝေး

အဲဒီ

နေ့ က

အဲဒီ

အပိုင်းအခြား

ဒွေးရောယှက်တင် မျက်စိကန်း

နကန်း တစ်လုံးမှ

နားမလည်တဲ့ မွန်ဘာသာစကား

နို့စို့နေတဲ့ မွန်ကလေးငယ် က

ကိုလိုနီ အပြုခံရတဲ့ မျက်လုံးမျိုးနဲ့ မော့ကြည့်တယ်

မဟုတ်ပဲနဲ့

လျှောက်လျှောက်ကြည့်တယ် တဲ့လား

လက်ပတ်နာရီက အသံတစ်စုံတစ်ရာပြုတယ်

နားမလည်တဲ့ မွန်ဘာသာစကား

အပိုင်းအခြား

ဟာ

ပါးစပ်ညောင်းသွားတဲ့ဟန်နဲ့

(ရေနွေးကြမ်းခွက်ကို အသာလှမ်းယူပြီး ဆက်ပြောတယ်)

အခိုက်အတန့် ကို မေ့ထားလိုက်မယ်၊

ဆံပင်တွေကို ညှပ်ပစ်မယ်၊

မျူးတမ့် တစ်ယောက်ဖြစ်ဖို့ အတွက်

ကိုလိုနီ အပြုခံရတဲ့ မျက်လုံးမျိုးနဲ့ မော့ကြည့်တယ်

မျူးတမ့် တစ်ယောက်ဖြစ်ဖို့ အတွက်

လိုအပ်ချက်များ

ဆိုတဲ့ စာအုပ်ကို ကျွန်တော် သိမ်းထားလိုက်မယ်

ဂြိုလ်သားတစ်ယောက် ဟာ မျူးတမ့်ရော ဖြစ်ဖို့ လိုသေးလို့လား

ဆိုတဲ့ စာအုပ်ကို ကျွန်တော် သိမ်းထားလိုက်မယ်

ဂြိုလ်သားတစ်ယောက် ဟာ မျူးတမ့်ရော ဖြစ်ဖို့ လိုသေးလို့လား

အချစ်ရယ် လို့ လျှောက်အော်မယ်။

. . . . . တယ်။

ရွာသူတွေ အံ့သြတကြီးနဲ့ မငေးကြည့်ကြဘူး။

ပြီးတော့

 

အရာရာ အဆင်ပြေသွားမှာပါ အချစ်ရယ် လို့

ပါးစပ်ဆီက မရှက်မကြောက်ထွက်လာတယ်၊

လမ်းဘေးမှာ လဲ နေတဲ့ ဆိုက်ကားသမား ထလာပြီး

ခေါင်းကို တုတ်ပိုင်းနဲ့ ရိုက်တယ်၊

ရွာမှာ ဆိုက်ကားရှိလို့လား၊

ဆိုက်ကားစီးမှု တွေ ရွာထိရောက်အောင် ကူးစက်ရောဂါဟာ

ရွာရဲ့

ခေါင်းကို တုတ်ပိုင်းနဲ့ ရိုက်တယ်၊

တစ်ခုခုကို ထိဖို့ ဆိုတာ လည်း လွယ်တဲ့

ကိစ္စတစ်ခုတော့ မဟုတ်ခဲ့ဘူး

လမ်းဘေးမှာ လဲ နေတဲ့ ဆိုက်ကားသမား ထလာပြီး

ပဲ့မကိုင်ပဲ

လှေဦးမှာ ဆေးလိပ်ဖွာနေတယ်

”မြေးဦး၊ သားဦး မို့လား မသိဘူး

ပဲ့မကိုင်ပဲ

ဝကစ်နေတာပဲဟယ်”

 

” မင်းသာ ယမခနာ မှာ အိုဂျီနိုက် ဆင်းဖူးခဲ့ရင်၊ ဗိုက်ကြီးသည်တွေ

ကလေးဘယ်လိုမွေးသလဲကို တွေ့သွားခဲ့ရင်၊

မိန်းမ ဖြစ်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး”

လှေဟာ လှေပဲ၊ ပြောချင်တာက၊ ရွာဟာ ရွာပဲ၊ သူဟာ သူပဲ၊

ထပ်ပြီး ပြောချင်တာက

” အရှင့်သားကို ကျွန်တော်တို့အားလုံး မပြစ်မှားဝံ့ပါ”

ဆိုတာမျိုး စကားလုံးတွေ

မီးပြတိုက် ထိပ်မှာ နှာခေါင်းချွန်ချွန်နဲ့ အမျိုးသမီး တစ်ယောက် လက်ပြနေတယ်လို့

အခြား ဘဲ တစ်ပွေကပဲ ဖြစ်ဖြစ် ဆိုလိုက်တယ်ပဲ ထားဦး

အဲဒီနေရာ ငါ သာ ဆို အဲဒီလောက်ပြောရင် ရိပ်မိမှာပါ . . ဒေါ်ဒေါ်ဗာဂျီးနီးယား . .

ဆိုတာမျိုး စကားလုံးတွေ

ကြောင်ကလေးတွေ ရဲ့ လက်သည်းတွေထဲမှာ

အော် . . ဇာတိ . . ခင်ဗျား ကဗျာကို ကျွန်တော် ဒီလို ဖျက်ပြင် လိုက်တဲ့အခါ

ဆင်းရဲသားကြီးသည် သနားစရာ မျက်လုံးလေးတွေကို မြစ်ထဲ မျှောလိုက်ပြီးတဲ့အခါ

မျက်လုံးလေးတွေ မြစ်ထဲ မျောပါသွားပြီး ရေချိုးနေတဲ့ သူဌေးမလေး ရဲ့ (ဗိုက်ထဲက) ဘ၀ကြီး ထဲကို ၀င်ရောက်သွားရာ . .

ကြည့်လို့မကောင်းတဲ့ ပွဲ လို့ မျိုးကြီး တို့ အဖွဲ့တွေ ဘယ်လိုပဲ ဆိုဆို

ငါတို့ ဟာ ဆင်းရဲသား မျက်လုံးလေးတွေပေါ့၊

 

အခု ကျွန်တော်တို့ အဖွဲ့ရောက်နေတာက၊

ကြောင်ကလေးတွေရဲ့ လက်သည်းတွေထဲမှာ၊

ဘယ်မှာလဲ ရွာသားတွေ၊ ဘယ်မှာလဲ မော်လမြိုင်မြို့ကနေ တစ်နာရီ ခရီး၊

ငါတို့ဟာ ဆင်းရဲသား မျက်လုံးလေးတွေပေါ့

ကွဲပြားခြားနား မှု ထဲကို

ဝင်ရောက်သွားရာ . . .

နောက်ပိုင်းမှာ

ကျွန်တော်တို့ အဖွဲ့ဟာ အကောင်းမြင်တတ်လာတယ်

ကျွန်တော်တို့ အဖွဲ့ အခုရောက်နေတာက၊

ခြောက်လက်မ ခရီး

 လင်းနီညို

            ဒီကဗျာဟာ ဖတ်ရ အတော်အတန်ခက်တဲ့ ကဗျာထဲမှာပါပါတယ်။ ဘာလို့လဲ သိချင်ရင် CB ရဲ့ ‘The Difficult Poem’ ဆောင်းပါးကို ဘာသာပြန်ထားတဲ့ ဆရာဇေယျာလင်းရဲ့ ‘ခက်ခဲတဲ့ကဗျာ’ (L=A=N=G=U=A=G=E Poetry နှင့် အခြားကဗျာဗေဒများ၊နှစ်ကာလများစာပေ)၊ စမန-၃၁ မှာ ရှာဖတ်နိုင်ပါတယ်။ ဒီကဗျာရဲ့ ခေါင်းစဉ်က -

”ရီစိုင်ကလ်” (Recycle) လုပ်ခြင်းအတတ်ပညာသည် ”မန ခပူန” ကို ဖြစ်စေနိုင်ပါသည်တဲ့

ခေါင်းစဉ်မှာ ပါတဲ့ ‘မန ခပူန’ ဟာ ဘာမှန်း သူ မပြောထားပါဘူး။ ‘မန ခပူန’ ဟာ သူ့ရဲ့ တမင်မှားယွင်းမှုလား၊ တမင်ထူးခြားမှုလား၊ ဝေါဟာရအသစ်လား၊ အီးလိယက် ပြောတဲ့ အတောင်ပံပါတဲ့ စကားလုံးလား။ ထားလိုက်ကြဦးစို့။ မန ခပူန ဆိုတာ တိုင်းရင်းသား စကားမှာ ရှိသယောင် ထင်ရတယ်၊ ဒါပေမယ့် မရှိဘူး၊ သူဟာ Sign တစ်ခုလား၊ ဘာကိုမှ မညွှန်းဘူး၊ Text တစ်ခုဆိုလည်း ဘယ် text ကိုပြန်ညွှန်းလည်း သိရခက်တယ်။ Language Bar မှာ Zawgyi Myanmar ကို English(US) မပြောင်းပဲ ဇော်ဂျီမြန်မာဖောင့်လက်ကွက်နဲ့ recycle ကို ရိုက်ရင် ‘r’ နေရာမှာ ‘မ’၊ ‘e’ နေရာမှာ ‘န’၊ ‘c’ နေရာမှာ ‘ခ’၊ ‘y’ နေရာမှာ ‘ပ’၊ ‘c’ နေရာမှာ ‘ခ’၊ ‘l’ နေရာမှာ ‘-ူ’၊ ‘e’ နေရာမှာ ‘န’၊ နဲ့ နောက်ဆုံး ‘မနခပခူန’ ထွက်လာမှာပါပဲ။ ဒါပေမယ့် သူသုံးထားတာက ‘မန ခပူရ’ ။ ဒါဟာ မတော်တဆ ဖြစ်သွားတာထက် တမင်သက်သက်သုံးထားတယ်၊ ပြုလုပ်ထားတယ်ဆိုတာ သိသာစေတဲ့ တစ်ချက်ပါ။ ကွန်ပျူတာသုံး မြန်မာစာ နဲ့ စိမ်းတဲ့ သူများအဖို့ ‘မနခပခူန’ လည်း ဖြစ်နိုင်သလို ‘မန ခပူန’ လည်း ဖြစ်စေနိုင်မှာပါ။ ခေါင်းစဉ်အစပိုင်းမှာ Recyle လုပ်ခြင်းအတတ်ပညာသည် ဆိုတာ . . ပါသလို ၊ ‘တဲ့’ ဆိုတာလည်း ပါနေတာတွေ့ရပါတယ်။ ရီစိုင်ကလ်=Recycle=မန ခပူန ဟာ ဝေါဟာရခြင်း ပွတ်တိုက်မိတဲ့ကိစ္စလား၊ လက်ကွက်ခြင်း ပွတ်တိုက်မိတဲ့ ကိစ္စလား၊ အညွှန်းခြင်း ပွတ်တိုက်မိတဲ့ ကိစ္စလား၊ ယဉ်ကျေးမှုခြင်း ပွတ်တိုက်မိတဲ့ ကိစ္စလား Text တိုင်းလိုလိုဟာ အခြား Text တွေနဲ့ ချိတ်ဆက်လည်ပတ်နေတယ်လို့ ယူဆရတာပါပဲ။ context ကြောင့် သာ အဓိပ္ပါယ်ထွက်လာရတာပဲ။ context ဆိုတဲ့နေရာမှာလည်း ကဗျာရဲ့ ပြင်ပ မှာ အလုပ်လုပ်နေတဲ့ ပါဝါ သဘောတွေ၊ ယဉ်ကျေးမှု သဘောတွေ ကို မေ့ထားလို့မရဘူး။ ဝေဖန်ရေးသစ်တွေက Text ဟာ အပိတ်စနစ်ဖြစ်တယ်လို့ ယူတယ်။ အဓိပ္ပါယ်ဆိုတာလည်း Text ထဲက ထွက်လာတာဖြစ်တယ်လို့ ယူပါတယ် လို့ ဖတ်ဖူးတာပဲ။ ဘာပဲဖြစ်ဖြစ်ပါ ‘မန ခပူန’ ဟာ လင်းနီညိုရဲ့ ပြုလုပ်ခြင်းလို့ပဲ ကျွန်တော် မြင်ပါတယ်။ ဒါကလည်း ကျွန်တော့်ရဲ့ အတ္တနောမတိ ပါ။ ကျွန်တော်တို့တွေ ဒီကဗျာကို လိုင်းတစ်လိုင်းခြင်းစီ အလိုက် နံပါတ်တွေ တပ်ကြည့်ကြရအောင်-

 

1. အခု ကျွန်တော်တို့ အဖွဲ့ရောက်နေတာက၊

2. ကျုံမနင်း ကျေးရွာ၊ မော်လမြိုင်ကနေ တစ်နာရီ ခရီး၊

3. (ရေနွေးကြမ်းခွက်ကို အသာလှမ်းယူပြီး ဆက်ပြောတယ်)

4. အင်း

5. အဲဒီ

6. အချိန် တွေ နေရာတွေ

7. အခု ကျွန်တော်တို့ အဖွဲ့ရောက်နေတာက၊(1)

8. အဲဒီ (5)

9. မော်လမြိုင်ကနေ တစ်နာရီ ခရီး

10. ဆိုတာ

11. နေရာလား

12. ဟေ့

13. အချိန်လား

14. (ဘာလို့ နှစ်ခုပဲ ပေးရွေးတာလဲ)

15. အကွာအဝေး

16. အဲဒီ (5) (8)

17. နေ့ က

18. အဲဒီ (5) (8) (16)

19. အပိုင်းအခြား

20. ဒွေးရောယှက်တင် မျက်စိကန်း

21. နကန်း တစ်လုံးမှ

22. နားမလည်တဲ့ မွန်ဘာသာစကား

23. နို့စို့နေတဲ့ ကလေးငယ် က

24. ကိုလိုနီ အပြုခံရတဲ့ မျက်လုံးမျိုးနဲ့ မော့ကြည့်တယ်

25. မဟုတ်ပဲနဲ့

26. လျှောက်လျှောက်ကြည့်တယ် တဲ့လား

27. လက်ပတ်နာရီက အသံတစ်စုံတစ်ရာပြုတယ်

28. နားမလည်တဲ့ မွန်ဘာသာစကား (22)

29. အပိုင်းအခြား (19)

30. ဟာ

31. ပါးစပ်ညောင်းသွားတဲ့ဟန်နဲ့

32. (ရေနွေးကြမ်းခွက်ကို အသာလှမ်းယူပြီး ဆက်ပြောတယ်) (3)

33. အခိုက်အတန့် ကို မေ့ထားလိုက်မယ်၊

34. ဆံပင်တွေကို ညှပ်ပစ်မယ်၊

35. မျူးတမ့် တစ်ယောက်ဖြစ်ဖို့ အတွက်

36. ကိုလိုနီ အပြုခံရတဲ့ မျက်လုံးမျိုးနဲ့ မော့ကြည့်တယ် (24)

37. မျူးတမ့် တစ်ယောက်ဖြစ်ဖို့ အတွက် (35)

38. လိုအပ်ချက်များ

39. ဆိုတဲ့ စာအုပ်ကို ကျွန်တော် သိမ်းထားလိုက်မယ်

40. ဂြိုလ်သားတစ်ယောက် ဟာ မျူးတမ့်ရော ဖြစ်ဖို့ လိုသေးလို့လား

41. ဆိုတဲ့ စာအုပ်ကို ကျွန်တော် သိမ်းထားလိုက်မယ် (39)

42. ဂြိုလ်သားတစ်ယောက် ဟာ မျူးတမ့်ရော ဖြစ်ဖို့ လိုသေးလို့လား (40)

43. အချစ်ရယ် လို့ လျှောက်အော်မယ်။

44. . . . . . တယ်။

45. ရွာသူတွေ အံ့သြတကြီးနဲ့ မငေးကြည့်ကြဘူး။

46. ပြီးတော့

 

47. အရာရာ အဆင်ပြေသွားမှာပါ အချစ်ရယ် လို့

48. ပါးစပ်ဆီက မရှက်မကြောက်ထွက်လာတယ်၊

49. လမ်းဘေးမှာ လဲ နေတဲ့ ဆိုက်ကားသမား ထလာပြီး

50. ခေါင်းကို တုတ်ပိုင်းနဲ့ ရိုက်တယ်၊

51. ရွာမှာ ဆိုက်ကားရှိလို့လား၊

52. ဆိုက်ကားစီးမှု တွေ ရွာထိရောက်အောင်

53. ရွာရဲ့

54. ခေါင်းကို တုတ်ပိုင်းနဲ့ ရိုက်တယ်၊ (50)

55. တစ်ခုခုကို ထိဖို့ ဆိုတာ လည်း လွယ်တဲ့

56. ကိစ္စတစ်ခုတော့ မဟုတ်ခဲ့ဘူး

57. လမ်းဘေးမှာ လဲ နေတဲ့ ဆိုက်ကားသမား ထလာပြီး

58. ပဲ့မကိုင်ပဲ

59. လှေဦးမှာ ဆေးလိပ်ဖွာနေတယ်

60. ”မြေးဦး၊ သားဦး မို့လား မသိဘူး

61. ပဲ့မကိုင်ပဲ (58)

62. ၀ကစ်နေတာပဲဟယ်”

 

63. ” မင်းသာ ယမခနာ မှာ အိုဂျီနိုက် ဆင်းဖူးခဲ့ရင်၊ ဗိုက်ကြီးသည်တွေ

64. ကလေးဘယ်လိုမွေးသလဲကို တွေ့သွားခဲ့ရင်၊

65. မိန်းမ ဖြစ်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး”

66. လှေဟာ လှေပဲ၊ ပြောချင်တာက၊ ရွာဟာ ရွာပဲ၊ သူဟာ သူပဲ၊

67. ထပ်ပြီး ပြောချင်တာက

68. ” အရှင့်သားကို ကျွန်တော်တို့အားလုံး မပြစ်မှားဝံ့ပါ”

69. ဆိုတာမျိုး စကားလုံးတွေ

70. မီးပြတိုက် ထိပ်မှာ နှာခေါင်းချွန်ချွန်နဲ့ အမျိုးသမီး တစ်ယောက် လက်ပြနေတယ်လို့

71. အခြား ဘဲ တစ်ပွေကပဲ ဖြစ်ဖြစ် ဆိုလိုက်တယ်ပဲ ထားဦး

72. အဲဒီနေရာ ငါ သာ ဆို အဲဒီလောက်ပြောရင် ရိပ်မိမှာပါ . . ဒေါ်ဒေါ်ဗာဂျီးနီးယား . .

73. ဆိုတာမျိုး စကားလုံးတွေ (69)

74. ကြောင်ကလေးတွေ ရဲ့ လက်သည်းတွေထဲမှာ

75. အော် . . ဇာတိ . . ခင်ဗျား ကဗျာကို ကျွန်တော် ဒီလို ဖျက်ပြင် လိုက်တဲ့အခါ

76. ဆင်းရဲသားကြီးသည် သနားစရာ မျက်လုံးလေးတွေကို မြစ်ထဲ မျှောလိုက်ပြီးတဲ့အခါ

77. မျက်လုံးလေးတွေ မြစ်ထဲ မျောပါသွားပြီး ရေချိုးနေတဲ့ သူဌေးမလေး ရဲ့ (ဗိုက်ထဲက) ဘ၀ကြီး ထဲကို ၀င်ရောက်သွားရာ . .

78. ကြည့်လို့မကောင်းတဲ့ ပွဲ လို့ မျိုးကြီး တို့ အဖွဲ့တွေ ဘယ်လိုပဲ ဆိုဆို

79. ငါတို့ ဟာ ဆင်းရဲသား မျက်လုံးလေးတွေပေါ့၊

 

80. အခု ကျွန်တော်တို့ အဖွဲ့ရောက်နေတာက၊ (1) (7)

81. ကြောင်ကလေးတွေရဲ့ လက်သည်းတွေထဲမှာ၊

82. ဘယ်မှာလဲ ရွာသားတွေ၊ ဘယ်မှာလဲ မော်လမြိုင်မြို့ကနေ တစ်နာရီ ခရီး၊

83. ငါတို့ဟာ ဆင်းရဲသား မျက်လုံးလေးတွေပေါ့ (79)

84. ကွဲပြားခြားနား မှု ထဲကို

85. ၀င်ရောက်သွားရာ . . .

86. နောက်ပိုင်းမှာ

87. ကျွန်တော်တို့ အဖွဲ့ဟာ အကောင်းမြင်တတ်လာတယ်

88. ကျွန်တော်တို့ အဖွဲ့ အခုရောက်နေတာက၊ (1)(7)(80)

89. ခြောက်လက်မ ခရီး

 

ကဗျာရဲ့ ပုံသဏ္ဍန် နဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ကို အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ဦးစွာသိသာမြင်သာတာက ထပ်ကျော့ခြင်း ပါ။ ပိုဒ်ရေ ၄ ပိုဒ်(၁-၄၆၊ ၄၇-၆၂၊ ၆၃-၇၉၊ ၈၀-၈၉)၊ (ပိုဒ်ခွဲ လိုင်းနံပါတ်တွေကလည်း စိတ်ဝင်စားစရာပါ) လိုင်းပေါင်း ၈၉ လိုင်းနဲ့ တည်ဆောက်ထားပြီးတော့၊ ထပ်ကျော့ သုံးထားတာက လိုင်း ၃၀၊ လိုင်းဟောင်းက ၁၃ လိုင်း။ လိုင်းဟောင်း ၁၃ လိုင်းရဲ့ နံပါတ်တွေနဲ့ ထပ်ကြော့ကြိမ်ရေတွေကို အောက်ပါအတိုင်းတွေ့ရပါတယ်။

 

လိုင်းနံပါတ် (၁) – ၄ ကြိမ်

လိုင်းနံပါတ် (၃) – ၂ ကြိမ်

လိုင်းနံပါတ် (၅) – ၄ ကြိမ်

လိုင်းနံပါတ် (၁၉) – ၂ ကြိမ်

လိုင်းနံပါတ် (၂၂) – ၂ ကြိမ်

လိုင်းနံပါတ် (၂၄) – ၂ ကြိမ်

လိုင်းနံပါတ် (၃၅) – ၂ ကြိမ်

လိုင်းနံပါတ် (၃၉) – ၂ ကြိမ်

လိုင်းနံပါတ် (၄၀) – ၂ ကြိမ်

လိုင်းနံပါတ် (၅၀) – ၂ ကြိမ်

လိုင်းနံပါတ် (၅၈) – ၂ ကြိမ်

လိုင်းနံပါတ် (၆၉) – ၂ ကြိမ်

လိုင်းနံပါတ် (၇၉) – ၂ ကြိမ်

 

လိုင်းဟောင်းတွေကို ထပ်ကျော့သုံးခြင်းအားဖြင့် လိုင်းဟောင်းနဲ့ လိုင်းသစ်တွေရဲ့ ချိတ်တွဲမှု၊ ဘာသာစကားရဲ့ အလုပ်လုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးအာနိသင်ကို တွေ့ရမှာပါ။ ကျွန်တော်တို့ဟာ ဘာသာစကားကို အသုံးပြုတိုင်း အသုံးပြုတိုင်း ယခင်ရှိခဲ့ပြီးသား စာသားတွေကို ပြန်လည် ချိတ်ဆက်နေတာပဲ ။ ဒီသဘောကလည်း ကျွန်တော်တို့ အပြောများခဲ့ကြတဲ့၊ အပြောများနေကြတဲ့ intertextuality ပါပဲ။ ထပ်ကျော့ခြင်းဟာလည်း အဆောက်အဦးတစ်ခုဖြစ်ဖို့ သုံးစွဲထားတဲ့နည်းစနစ် တစ်ခုဖြစ်ပြီး အဲဒီနောက်ကွယ်မှာ သီအိုရီဟာ ကိန်းအောင်းနေမှာ အသေအချာပါပဲ။ ဖြစ်ကတတ်ဆန်း၊ ဗရမ်းဗတာ ရေးခြင်းမဟုတ်ပဲ ကဗျာကို ကဗျာဆရာက စနစ်တကျပြုလုပ်ထားတာ ထင်ရှားနေပါတယ်။ ဒါဟာ အပေါ်ယံ အခွံ ပဲရှိပါသေးတယ်။

 

ကျွန်တော့် စိတ်ထင်ပြောရရင် ကဗျာရဲ့ ‘အဓိက အကြောင်းအရာ’ ဆိုတာကြီးကို ပြောပြဖို့ တော်တော်ခက်ခဲမယ်ထင်ပါတယ်။ အကြောင်းအရာမပါဘူးလားမေးရင် အကြောင်းအရာတွေ အများကြီးပါနေလို့ပါပဲ။ ပုံသဏ္ဍာန်ကိုယ်နှိုက်က အကြောင်းအရာဖြစ်နေလို့ပါ။ အဲဒါကို အညိုလည်း အမြဲပြောပါတယ်။ ဒီကဗျာရဲ့ အကြောင်းအရာတွေဟာ ပုံသဏ္ဍာန်ရဲ့ ပြတ်တောက်မှု၊ တွန်းကန်မှု၊ ရွေ့လျားမှုတွေနဲ့ ထဲထဲဝင်ဝင် ပတ်သက်နေပါတယ်။ ကျွန်တော်တို့ စာဖတ်သူတွေက ဘယ်လိုအဓိပ္ပါယ်ပြုလုပ်ကြမလဲ။ ဒီကဗျာထဲက အချို့လိုင်းတွေဟာ သူ့ရဲ့ ကပ်လျက်လိုင်းနဲ့ ဆက်စပ်ကြည့်တဲ့အခါ ထက်လိုင်းနဲ့ဆို အဓိပ္ပါယ်ကတစ်မျိုး၊ အောက်လိုင်းနဲ့ ဆို အဓိပ္ပါယ်ကတစ်မျိုး၊ အဓိပ္ပါယ်တွေဟာ ဖွာထွက်နေတာတွေ့ရပါတယ်။ အဆက်အစပ်သေချာပေးမထားတဲ့ လိုင်းတွေကို အထက်လိုင်းနဲ့ ဆက်စပ်ရမလား၊ အောက်လိုင်းနဲ့ ဆက်စပ်ရမလား ဆိုတာကိုက ဖတ်သူကို အဓိပ္ပါယ်တည်ဆောက်ခွင့်ပေးထားခြင်းပါပဲ။ ဒါဟာလည်း LP ရဲ့ နည်းတစ်နည်းကို သူသုံးထားခြင်းဖြစ်ပါတယ်။

နောက်ပြီး လိုင်းချိတ်ပုံ၊ လိုင်းခုန်ပုံ တွေဟာ ဒီကဗျာရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေထဲက တစ်ချက်ပါ။ လိုင်းတွေဟာ Hypotactic လိုင်းတွေမဟုတ်ကြပါဘူး၊ ဘာလို့လဲဆိုတော့ Hypotactic လိုင်းတွေမှာ ခုန်စရာမရှိလို့ပါ။ Paratactic လိုင်းစီပုံနဲ့ ဒီကဗျာကို ‘ အခု ကျွန်တော်တို့ အဖွဲ့ရောက်နေတာက၊’ နေ ချဲ့ထွင် တည်ဆောက်သွားလိုက်တာ နောက်ဆုံးလိုင်း ‘ခြောက်လက်မ ခရီး’ အထိပါပဲ။ အဲဒီလို လိုင်းနံပါတ် (၁) ကနေ လိုင်းနံပါတ် (၈၉) အထိ တစ်လိုင်းပြီးတစ်လိုင်း၊ တစ်ပိုဒ်ပြီးတစ်ပိုဒ် ချိတ်တွဲပုံ၊ ခုန်ပုံ၊ ပုဒ်ထီး၊ ပုဒ်မ၊ စပေ့စ်ခြားပုံ၊ အသုံးအနှုန်းရွေးချယ်ပုံ၊ အပိုဒ်ခွဲပုံ၊ လိုင်းအရေအတွက်၊ အပိုဒ်အရေအတွက်ယူပုံ စတာတွေဟာ ပုံသဏ္ဍာန်ရဲ့ ရွေ့လျားမှုတွေပါပဲ။ တစ်လိုင်းပြီးတစ်လိုင်း ရွေ့လျားနေတဲ့ အကြောင်းအရာ အပိုင်းအစတွေဟာ ဒီကဗျာရဲ့ ပုံသဏ္ဍာန်ထဲမှာ ဘယ်လိုနေရာယူ ဘယ်လိုပြုလုပ် ဘယ်လိုဖွဲ့စည်းထားသလဲ ဆိုတာနဲ့ အဆက်အစပ် သေချာပေးမထားတဲ့ လိုင်းတွေ၊ ဘယ်အရာက ပိုစိတ်ဝင်စားဖို့ကောင်းသလဲ မေးခွန်းထုတ်မိပါတယ်။

‘အခု ကျွန်တော်တို့ အဖွဲ့ ရောက်နေတာက၊’ ဆိုတဲ့ လိုင်းဟာ ကဗျာတစ်ပုဒ်ထဲမှာ လေးကြိမ် (လိုင်းနံပါတ် ၁၊ ၇၊ ၈၀၊နဲ့ ၈၈) အသုံးပြုထားတာတွေ့ရပါတယ်။ ထိုလေးလိုင်း နဲ့ ကပ်လျက် လိုင်းခြင်း ယှဉ်ထိုးကြည့်ရအောင်။

2. ကျုံမနင်း ကျေးရွာ၊ မော်လမြိုင်ကနေ တစ်နာရီ ခရီး၊

——————————————————————————————

8. အဲဒီ

9. မော်လမြိုင်ကနေ တစ်နာရီ ခရီး

10. ဆိုတာ

11. နေရာလား

12. ဟေ့

13. အချိန်လား

—————————————————————————————

81. ကြောင်ကလေးတွေရဲ့ လက်သည်းတွေထဲမှာ၊

82. ဘယ်မှာလဲ ရွာသားတွေ၊ ဘယ်မှာလဲ မော်လမြိုင်မြို့ကနေ တစ်နာရီ ခရီး၊

————————————————————————–

89. ခြောက်လက်မ ခရီး

————————————————————————–

ဖူးကို့ကြီး ဆိုသလို ပြောရရင် ရေးသားပို့ချမှုဟာ ပါဝါပဲ။ ဘာသာစကားဗဟိုပြု အရေးအသားတွေမှာ ဘာသာစကားနဲ့ ပါဝါရဲ့ ဆက်နွယ်မှုကို မီးမောင်းမဟုတ်ရင်တောင် မီးခြစ်လေးနဲ့ ‘တစ်ရှဲ ငါးမူး’ စာလောက်တော့ ထိုးပြ ခြစ်ပြပြတာကို တွေ့ရမှာပါ။ ကျွန်တော်တို့ ဖတ်သူတွေ အခု ရောက်နေတာက Heterotopia ဆိုတဲ့ ‘နေရာ’ မျိုးလား။ အပေါ်က ယှဉ်ထိုးလိုက်တဲ့ လိုင်းတွေကို သေချာဖတ်ကြည့်လိုက်တော့ အညို့ရဲ့ ပြုလုပ်ချက်ဟာ ‘ပြုလုပ်ထားမှု’ ဖြစ်တယ်ဆိုတာကို သိသာပါတယ်။ ဒါဟာ ဖျက်ဆီးတယ်၊ တည်ဆောက်၊ ဖျက်ဆီးတယ်၊ တည်ဆောက်တယ်၊ အဖိစီးခံ အရာဟာ ဖိစီးထားတဲ့အရာပေါ် သက်ဝင်စိမ့်ပြန့် နေတယ်၊ ဖိစီးသူဟာ အဖိစီးခံပေါ် မှီတည်နေမှု အစရှိတဲ့ (Decontrcution) သဘော ဆန်ဆန်တွေ တွေ့ရပါတယ်။ နောက်ပြီး ပို့စ်မော်ဒန်နေရာအယူအဆ တွေ။ ‘ကျုံမနင်း ကျေးရွာ၊’ ဆိုတဲ့ ‘နေရာ’(Space)  တစ်ခုကို တည်ဆောက်လိုက်တယ်၊ ထပ်ညွှန်းတယ် ‘မော်လမြိုင်ကနေ တစ်နာရီ ခရီး’၊ အညွှန်းတွေကို မေးခွန်းထုတ် ပြန်တယ်၊ Deconstruct လုပ်တယ်၊ (Re)Construct လုပ်ပြန်တယ် အဲလိုနဲ့ ‘ခြောက်လက်မ ခရီး’ အထိ၊ နေရာတွေကို ရောထွေး ပစ်တယ်၊ ထပ်မံတည်ဆောက်တယ်၊ ပြန်ပြီး ဖြိုဖျက်တယ်၊ ဘာတွေနဲ့လဲ ဆိုတော့ Text တွေ ကို Text တွေနဲ့ပါပဲ။ ပို့စ်မော်ဒန်နေရာအယူအဆ တွေကို ကဗျာရဲ့ အချို့လိုင်းတွေမှာလည်း အများကြီးတွေ့ရပါတယ်။ ဥပမာ- ‘လမ်းဘေး’၊ ‘ဆိုက်ကား’၊ ‘ရွာ’၊ ‘လှေ’၊ ‘မီးပြတိုက်’ စသဖြင့် နေရာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ။ အပေါ်ယံ ပေါလောပေါ်နေတဲ့ အညွှန်းတွေ၊ အညွှန်းခံ မဲ့ အညွှန်း တွေ။

တချို့လိုင်းတွေဟာ ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား တွေပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ‘ရင်းနှီးကျွမ်းဝင်မှု’ ဆိုတာကြီးကို ပြန်လည်ဆန်းစစ်စေတယ်၊ ရင်းနှီးမှုနဲ့ ဝေးကွာကြည့်စေတယ်၊ ဆန်းအောင်ပြုလုပ်တယ်၊ စိမ်းအောင်ပြုလုပ်တယ်။ ဆိုပါစို့… …

9. မော်လမြိုင်ကနေ တစ်နာရီ ခရီး

10. ဆိုတာ

11. နေရာလား

12. ဟေ့

13. အချိန်လား

14. (ဘာလို့ နှစ်ခုပဲ ပေးရွေးတာလဲ)

ကျွန်တော့် ရဲ့ ရှိရင်းစွဲဖြစ်နေတဲ့ သိမှုမှာ  တစ်နာရီခရီး ဆိုတာ ‘အကွာအဝေး’ ပဲ၊ ‘နေရာ’ လား ‘အချိန်’ လား လို့လည်း မေးခွန်းထုတ်လိုက်ရော ဖတ်သူရဲ့ ရှိရင်းစွဲသိမှုကို ဂလိုင်ခေါက်လိုက်ပြီပေါ့။ ကျွန်တော်တို့ ဖတ်သူတွေ ရောက်ရှိ နေတဲ့ ဘာသာစကားနယ်ပယ်ကို (ဘာသာစကားနယ်ပယ်ရဲ့ သဘောသဘာဝကို) ‘တစ်ရှဲ ငါးမူး’ လုပ်သွားတာပေါ့။ အဲဒီ ဘာသာစကားနယ်ပယ်ထဲမှာ ရှိတဲ့ ပုံသဏ္ဍာန်တွေ၊ ဖိအားပေးနိုင်ချေတွေ၊ ကိုထုတ်ပြလိုက်တယ်ပေါ့။ (အေးလေ  . .ဘာလို့ နှစ်ခုပဲ ပေးရွေးတာလဲ)

နောက်ပြီး ဒီကဗျာထဲက TEXT အချို့ အခြားကဗျာထဲက TEXT အချို့ကို လှမ်း’ကိုး’ထားတာ၊ လှမ်း’ကဲ့’လိုက်တာ တွေ့ရမှာပဲ။ ဒါပေမယ့် အညိုက ထင်ရှားအောင် တမင်ပြုလုပ်ထားပြန်ပါသေးတဲ့။ လိုင်းနံပါတ် ၇၅ မှာ တွေ့နိုင်ပါတယ်။ ဒါဟာလည်း Intertexuality ကိစ္စတွေပါပဲ။ ဖတ်သူဟာ ကိုယ့်ရှိရင်းစွဲသိမှုနဲ့ ပဲ အဓိပ္ပါယ် ပြုလုပ်ကြတာပါ။ ဒါဟာ တစ်ဦးချင်းရဲ့ ဘာသာစကားကမ္ဘာ၊ ဘာသာစကားနယ်နမိတ်၊ ဘာသာစကားနယ်ပယ် ထဲမှာ ဘယ်လိုအဓိပ္ပါယ်ထုတ်လုပ်ကြမလဲ နဲ့ ဆိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

70. မီးပြတိုက် ထိပ်မှာ နှာခေါင်းချွန်ချွန်နဲ့ အမျိုးသမီး တစ်ယောက် လက်ပြနေတယ်လို့

71. အခြား ဘဲ တစ်ပွေကပဲ ဖြစ်ဖြစ် ဆိုလိုက်တယ်ပဲ ထားဦး

72. အဲဒီနေရာ ငါ သာ ဆို အဲဒီလောက်ပြောရင် ရိပ်မိမှာပါ . . ဒေါ်ဒေါ်ဗာဂျီးနီးယား . .

မီးပြတိုက် ပါတယ်၊ ဗာဂျီးနီးယားပါတယ်၊ ဒီနေရာမှာ ကျွန်တော် ဗာဂျီးနီးယား ဝုဖ် ရဲ့ To The Lighthouse ကို မဖတ်ဖူးပေမယ့် To The Lighthouse နဲ့ ပတ်သက်လို့ Woolf ပြောတာ ကြားဖူးတယ် ‘I meant nothing by the lighthouse’ တဲ့။ ဒါဟာ ကျွန်တော့်ရဲ့ သိမှုနယ်ပယ်မှာ ရှိနေတဲ့ စာသားတွေနဲ့ အဓိပ္ပါယ်ပြုလုပ်ဖို့ ခြေလှမ်းလိုက်တာပဲဖြစ်မှာပါ။ ကျွန်တော့်သိမှု ထဲမှာ စာသားတွေဆီကို ကဗျာပါ စာသားတွေက လာခုန်ကူးလိုက်တာပါပဲ။

LP သမားတွေ ပယ်ခဲ့တဲ့ ‘I’ ကို PLP မှာ ပြန်တွေ့ရတဲ့ ‘I’ မျိုး ဒီကဗျာမှာပြန်တွေ့ရပါတယ်။ ဒါဆို ဒီကဗျာထဲမှာ ပြန်ပါလာတဲ့ ‘I’ က ပုဂ္ဂလအတ္တ ကို ကိုယ်စားပြုပါသလား။ ကျွန်တော်ကတော့ ကိုယ်စားမပြုနိုင်ဘူးလို့ပဲ ဖြေချင်ပါတယ်။ ဒီကဗျာဟာ ‘ရင်တွင်းဖြစ်’ မဟုတ်ပါဘူး၊ Synthetic ပါ။ (ဒါပေမယ့် ကဗျာကို ပြုလုပ်တဲ့နေရာမှာ သူ့အတွေ့အကြုံ၊ သူ့သိမှုနယ်၊ သူ့ဘာသာစကားနယ်ပယ်ထဲကပဲ သူရွေးချယ်ထားတဲ့ ပုံသဏ္ဍာန်၊ စာသားရွေးချယ်မှု တွေနဲ့ ပြုလုပ်ထားတာပါပဲ။ ဒီကဗျာမှာဆိုရင် သူ့မွေးရပ်ဒေသတွေဖြစ်တဲ့ ကျုံမနင်းတို့၊ မော်လမြိုင်တို့ဟာ ထင်ရှားတဲ့ သူ့သိမှုကိစ္စပါ။  ဒါဟာ လည်း ကျွန်တော့်ရဲ့ အတ္တနောမဟိသက်သက်သာဖြစ်ပါတယ်)။ ဒီ Self နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဆရာဇေယျာလင်း တို့ ဆရာငြိဏ်းဝေတို့ တော်တော်လေး ပြောခဲ့ပြီးပါပြီ။ Self တွေ အထွေထွေအပြားပြား ဖြစ်ခြင်း၊ ရွေ့လျားခြင်း၊ ပုံကူးပြောင်းခြင်းတွေကို အဖန်တရာတေနေတဲ့ ဘာသာစကားနဲ့ပဲ တည်ဆောက်ပြရင်း ကျွန်တော်တို့ဟာ ယဉ်ကျေးမှုရဲ့ တည်ဆောက်ခံ ‘ကျွန်တော်(တို့)/ငါ(တို့)’ အဖြစ် အသိအမှတ်ပြုလိုက်ရတာလား။ ယဉ်ကျေးမှုအရှိတရားဟာလည်း တည်ဆောက်ယူလိုက်လို့ရှိလာတာလား။

Charles Bernstein ရဲ့ အင်တာဗျူးထဲမှာ သူပြောထားတာက ‘အကြောင်းအရာ’ ဟာ ‘အဓိက’၊ ‘ဖွဲ့စည်းတည်ဆောက်မှုကိစ္စ’ ‘ကဗျာဗေဒကိစ္စ’ ဟာ ‘သာမည’ ဆိုတာကို လုံးဝငြင်းပယ်ဆန့်ကျင်ဖို့ ပါပဲ တဲ့။ CB တို့ရဲ့ L=A=N=G=U=A=G=E မှာ ပါရှိတဲ့ ဝေဖန်ရေးအမြင်နဲ့ ရေးတာတွေဟာ Gertrude Stein ရဲ့ လမ်းကြောင်းကို ဆက်လိုက်တာပဲ ဖြစ်တယ်လို့ ဆိုထားတယ်။ (ဒီနေရာမှာ ကဗျာစရေးခါက/ PEM sKoOL စတင်ခါစ အချိန်တွေတုန်းက ဆရာဇော်ရဲ့စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးခဲ့တဲ့ အညို့ကို ကျေးဇူးတင်ရမှာပါ။ Stein ဆိုတဲ့ စကားလုံးကို စတင်သိခဲ့တာ သူပေးတဲ့ စာအုပ်ထဲက ‘ကျိုက်ဝိုင်းစစ်တမ်း’မှာ ဖြစ်လို့ပါပဲ)။

အခုဆို 21ရာစုရဲ့ ပထမဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ 20ရာစု မြန်မာကဗျာလောကရဲ့ မတွေ့ကြုံခဲ့ဖူးတဲ့ အွန်လိုင်းမြန်မာကဗျာ၊ အွန်လိုင်းမြန်မာကဗျာလောက ဆိုတာတွေဟာ ဆက်သွယ်ရေးမီဒီယာရဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာနေပါပြီ။ Print Media ကိုချည်းသက်သက် အားကိုးခဲ့ကြရတဲ့ မြန်မာကဗျာလောကဟာ Online Media ပေါ်မှာ Social Network တွေ၊ Weblog တွေ၊ Website တွေ အသုံးပြုပြီး ကဗျာနယ်ပယ်စူးစမ်းခြင်း၊ ချဲ့ထွင်ခြင်း၊ တည်ဆောက်ခြင်းတွေ ပြုလုပ်လာကြတာ အားလုံးအမြင်ပါပဲ။ နေ့စဉ်အဖြစ်အပျက်လို့တောင် သုံးလို့ အဆင်မပြေတော့ပဲ စက္ကန့်စဉ်အဖြစ်အပျက်လို့ တည်ဆောက်သုံးစွဲရမလား၊ Refresh တစ်ခါလုပ်တိုင်း ပြောင်းလဲဖြစ်ပျက်နေတဲ့ အပေါ် ဘယ်လိုပုံစုံနဲ့ ကိုယ့်သိမှုတွေကိုကိုယ် တည်ဆောက်၊ ချဲ့ထွင်နေကြသလဲ။ အခုဒီအကြောင်းကို ပြောရတာက ယခင်ရှိရင်းစွဲ Poetic ရှုထောင့်တွေ၊ Aesthetic ရှုထောင့်တွေနဲ့ ဒီ Language-Oriented ’21ရာစုမြန်မာကဗျာ’ တွေကို ချဉ်းကပ်ကြမလား၊ ဒါမှမဟုတ် Communication Theory နဲ့ပဲ ချဉ်းကပ်ရမလား ဆိုတာဝင်လာလို့ပါပဲ။ (ဒါတွေကိုလည်း ရှေ့က ဆရာကြီးတွေ ပြောသွားခဲ့ကြပြီးပါပြီ)။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ပြောရင်းပြောရင်း၊ ရေးရင်းရေးရင်း၊ ဘာသာစကားက အလုပ်လုပ်အားကြီးလို့ စာမျက်နှာတွေ များလာပြီဆိုတာပါပဲ။ ဒီကဗျာမှာ Postmodernism 1st Gen တွေလို အရေးအသားနဲ့ ပုံသဏ္ဍာန်ကိုတင် အလေးကဲယုံမျှမကပါဘူး၊ Post Colonial၊ လူမျိုးကြီး၊ လူမျိုးစု၊ နိုင်ငံသား၊ တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ လိင်သဘော၊ ဘာသာစကား၊ လူတန်းစား၊ အဖိနှိပ်ခံ စတဲ့ သဘောတွေတွေ့ရပါတယ်။ ဒါဟာ Language-Oriented ’21ရာစုမြန်မာကဗျာ’တွေမှာ ပုံသဏ္ဍာန်ဇောင်းပေးရင်း ဘေးထုတ်ခံခဲ့ရတဲ့ အကြောင်းအရာ အတွေးအခေါ်တွေလည်း တစ်ပါတည်းပါရှိနေပါတယ် ဆိုတာပါပဲ။ ရှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ ပုံသဏ္ဍာန်ကိုယ်၌က အကြောင်းအရာဖြစ်နေလို့ပါ။  ဝေဖန်ရေးသစ် တွေဟာ ကဗျာတွေထဲက မတ္တဖာ တွေကို အသေချာ လိုက်လံရှာဖွေ ဖတ်ရှုခဲ့ကြတယ်၊ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အဲဒီလို မဖတ်ရှုကြတော့ဘူး၊ ဘာလို့လဲ ဆိုတော့ ဘာသာစကား ကိုယ်နှိုက်ကိုက မတ္တဖာ တွေနဲ့ တည်ဆောက်ထားတဲ့ Text Looping ကြီးတစ်ခုဖြစ်နေလို့ပါပဲ။ ပုံသဏ္ဍာန်တွေဟာ စကားလုံးတွေလိုပဲ အကြောင်းအရာ၊ အတွေးအခေါ်၊ အဓိပ္ပါယ်တွေနဲ့ ခွဲခြားပစ်လို့မရနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အညို့ရဲ့ ဦးဦးထိန်းထိန်းသို့ ပေးစာ (၂) မှာပါတဲ့ စာသားလေးကို ဒီအတိုင်းကူးထည့်လိုက်ပါတယ်။

‘ကျွန်တော့် အတ္တနောမတိနဲ့ ပြောရမယ်ဆို ကဗျာကို ခံစားပြီး ရေးဖွဲ့ နေရုံနဲ့ မပြီးတော့ပါဘူး။ တက္ကနစ် အသစ်တွေ့လိုက် လျှောက်သုံးလိုက်၊ အခေါ်အဝေါ် အသစ်တွေ ဟိုမှာပေါ်တိုင်း (ဥပမာ – post-flarf ဘာညာ) ဒီမှာ လျှောက်လုပ် နေရုံနဲ့ မပြီးပါဘူး။ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ ကဗျာဆိုင်ရာ အမြင်တွေလေ့လာ ရပါမယ်။ သီဝရီတွေ လေ့လာရပါမယ်။ (ပြီးတော့ ကိုယ့် ယဉ်ကျေးမှု ၀န်းကျင် နဲ့လည်း ဆိုင်ပါသေးတယ်၊ “အသစ်ဆိုတာ ပင်မရေစီးရဲ့ ဆက်နွယ်မှုကနေ ပဲ ထွက်ပေါ်လာလေ့ရှိပါတယ်” ) တကယ်လို့ အမေရိကန်က ကွန်တန်ပိုရာရီ ကဗျာဆရာတစ်ယောက်က သီဝရီ မလိုတော့ဘူးလို့ဆိုတောင်၊ ကျွန်တော်တို့ ဆီမှာ လို ပါတယ်။’  -(လင်းနီညို)-

ထုံးစံအတိုင်း၊ မှားရင် ပြင်ပေးကြ၊ ဆွေးနွေးကြပေါ့ဗျာ။

 

လင်းရမ္မာ

September 19, 2012

 

ဦးဦးထိန်းထိန်းသို့ပေးစာ (၂)

သို့ . .

ဦးထိန်းရေ . .

ကျွန်တော် ဟိုတစ်လောတုန်းကတင် ဆရာဇေယျာလင်းရဲ့ အွန်လိုင်း ကဗျာအကြောင်းဆောင်းပါးကို ဖတ်လိုက်ရသေးတယ်ဗျ။ အွန်လိုင်း ကဗျာကိစ္စ တစ်ချို့ဆိုတဲ့ ဆောင်းပါးလေ။ အဲဒီမှာ သူ ခွဲ ပြ၊ ရေးပြ သွားတာလေးတွေ လှတယ်ဗျ။ ဥပမာ - “ဆိုလိုတာက `ပေရွက်ကဗျာ´ ၊ `ဘလောက်တုံးကဗျာ´ ၊ `ပုံနှိပ်ကဗျာ´၊ `ဖယောင်းစက္ကူကဗျာ´၊ `ကွန်ပြူတာ/ဖိုတိုကော်ပီ ကဗျာ´ စတာတွေမရှိခဲ့ပဲ အခုမှ`အွန်လိုင်းကဗျာ´ ဆိုတာပေါ်လာခြင်းပါပဲ။ ခေတ်ရဲ့ တိုးတက်မှုရဲ့ အသီးအပွင့်တစ်ခုဆိုတာကိုငြင်းလို့ မရပေမယ့် `အွန်လိုင်းကဗျာ´ ဆိုတာနားလည်လွဲစရာတစ်ခုဖြစ်လာပါတယ်။ ဖြစ်နေတယ်လို့ဆိုရင်ပိုမှန်မလားပဲ။ အဲဒီတော့ ၊ အွန်လိုင်း ကဗျာဆိုတာဘာလဲ။ ”

အဲဒီမှာ သူ ပြန်ခွဲပြသွားတဲ့ (၃) မျိုးက

(၁) အွန်လိုင်းပေါ်မှာ ပဲရေးသားထုတ်ဝေဖြန့်ချိတဲ့ ကဗျာ ၊

(၂) ပရင့်တ်လုပ်ပြီးသားကဗျာကို အွန်လိုင်းပေါ်တင်တဲ့ကဗျာ ၊

(၃) ပရင့်တ်မလုပ်ရသေးပေမယ့် လက်ရေးနဲ့ ရေးရေး ၊ ကွန်ပြူတာနဲ့ ရိုက်ပြီး ပရင့်တ်အောက်ထုတ်ထုတ် ၊ အဲဒီ အွန်လိုင်းပြင်ပက ပြုလုပ်ပြီးသား အရေးအသားကို အွန်လိုင်းပေါ်တင်တဲ့ ကဗျာ ၊

တို့ပဲဗျ။

အခုပြောမယ့် ကိစ္စ က ဦးထိန်းလည်း ပြောသင့်သလောက်တော့၊ ပြောပြီးပြီပဲ။ ထပ်ပြောရရင်တော့ဗျာ၊ ဦးထိန်းရာ၊ အဲဒီ သုံးမျိုးကို သူ ခွဲပြ၊ ရှင်းပြ သွားတာ မိုက်ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ မဆိုင်ပဲ (စကားမစပ်) ကဗျာအမျိုးအစား အကြောင်း ကို ကျနော့် အထင်တွေဝင်ပြောရရင်ဖြင့်၊ အွန်လိုင်းကဗျာဆိုတာ သီးသန့် ကဗျာအမျိုးအစား အသွင်တော့ ရှိမနေဘူးလို့တော့ ထင်တယ်ဗျာ။ နောက်ပိုင်း နည်းပညာအသုံးပြု ပြုလုပ်တဲ့ ကဗျာတွေကို လည်း cyber poetry, digital poetry, e-poetry . . စသဖြင့် ခေါ်ကြပါတယ်၊ အွန်လိုင်းကဗျာလို့တော့ မခေါ်ကြလိုဘူးထင်တယ် ။ အင်း . . ၀င်ပြီး စကားကပ်ပြောရင်ဖြင့်၊ အဲဒါတွေက CD-ROM တွေ၊ ဘာတွေနဲ့ ဖြန့်ချိ လည်း အလုပ်ဖြစ်နေကြတာပါပဲ။ Server-side technology မပါသ၍ ပေါ့။ ဥပမာ – Flash တို့၊ SilverLight တို့၊ Shockwave တို့၊ HTML5 တို့၊ Script တို့ဟာ ကိုယ့်စက်(Client)ပေါ်က ဖိုင်ကို ကောက် Run လည်း အဆင်ပြေနေတာပါပဲ။ (၁၉ ရာစု က browser မဟုတ်ဖို့တော့ လိုတာပေါ့လေ၊) အဲဒီတော့ အွန်လိုင်းမရှိလည်း အိုကေ ပါတယ်။ အဲဒါကြောင့် အွန်လိုင်း ကဗျာ ဆိုတာ ကဗျာအမျိုးအစား တစ်ခုတော့ မဟုတ်လောက်ပါဘူး လို့ ကျွန်တော်တော့ ထင်တယ်ဗျာ။ ဦးထိန်းလည်း နာဒါကြီးကို အဲ့လို ပုံစံမျိုးပဲ ပြောဖူးတယ်ထင်ပ။ ကျွန်တော်ပြောထားတာတွေ ဦးထိန်း ဘ၀င် မကျရင်ဖြင့်၊ ပြန်စာ ထဲမှာ ထည့်ရေးဦးဗျ၊ အဲဒီတော့မှ သိရမှာ မဟုတ်လား။

(ဒါနဲ့ အဲဒီ နံပါတ်စဉ် (၁) အကြောင်းပြောရင်းနဲ့၊ စကားစပ်လို့၊ ဟိုတုန်းက ပြောခဲ့ကြဖူးတဲ့ ပြဿနာ တစ်ခု ပြန်ဖော်လိုက်ဦးမယ်။ အဲဒီတုန်းက ကျွန်တော်တို့  ဖိုရမ် မှာ အမာ က ဘားကုဒ် ရီဒါ (Barcode reader) နဲ့ ဖတ်ရတဲ့ ကဗျာတွေအကြောင်း ပြောဖူးတယ်ဗျ။ သူ . . ဆိုလိုခဲ့ပုံက၊ အဲ့ ဘားကုဒ်ထဲမှာ စာလုံးရေ အတိုင်းအတာတစ်ခုထိ သိုလှောင်/ထည့်သွင်း လို့ရတယ်ဗျာ၊ အဲဒါကို ဘားကုဒ် ဖတ်လို့ရတဲ့ ကိရိယာ ဥပမာ – ဖုန်း နဲ့ ဖတ်ရတာပဲ။ အဲဒီမှာ ကျွန်တော်တို့ ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ဖိုးသားက အဲဒါကို ဘားကုဒ်ကဗျာလို့ ခေါ်ပါ့မလားတဲ့၊ ဥပမာ – အဲဒီဘားကုဒ်အောက်မှာ ထည့်ထားတာက ဟိုက္ကူကဗျာဆိုရင်၊ ပြန်ဖတ်ထုတ်လိုက်ရင်၊ ဟိုက္ကူပဲ ဖြစ်နေမှာပေါ့တဲ့။ အဲဒီနောက်ပိုင်း သူတို့ ဘာတွေ ဆက်ပြောဖြစ်ကြသလဲ၊ ကျွန်တော်တို့ မသိတော့ဘူး။ တွေးစရာတစ်ခုပေါ့  )

 

ဟို အပေါ် အပိုဒ် ကို ပြန်ဆက်ရရင်ဖြင့်၊ အွန်လိုင်းကဗျာဆိုတာ မရှိဘဲ၊ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ကဗျာပဲ ရှိမယ်လို့၊ ကျွန်တော်ကတော့ ထင်တယ်။ ဥပမာ – အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ရတု၊ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဒွေးချိုး၊ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ခေတ်စမ်း  . . ကနေ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ကွန်တန်ပိုရာရီ . . စသဖြင့်ပေါ့။ ကျွန်တော်တို့ ဘလော့ စရေးတုန်းက၊ အွန်လိုင်းမှာ ရှိနေတဲ့ ကဗျာတွေဟာ ဖြင့်၊ တာရာမင်းဝေ လွှမ်မိုးမှု၊ မောင်ချောနွယ်လွှမ်းမိုးမှု .  . စသဖြင့်ပေါ့၊ အဒီလို ခေတ်ပေါ်လို့ ဆိုနိုင်မယ့် အရေးအသားတွေ အားကောင်း၊ လွှမ်းမိုးနေခဲ့တယ်။ အဲဒီတုန်းဆို အခု ကျွန်တော်တို့ အခု facebook ပေါ်မှာ ခေတ်စားနေတဲ့ အရေးအသားပုံစံတွေဟာ တော်တော်ရှားရှားလို့ ဆိုနိုင်တယ်။ (အဲဒီနေရာ မှာ ပုံသဏ္ဍန် ကို ကျနော် Form ထက် Frame, Structure ကို ဆိုလို သွားမှာ ဖြစ်ပါတယ်၊ အောက်မှာရောပါပဲ၊ ဒါပေမယ့်အဲဒီ မှာ Form လည်း တစ်ခါတစ်လေ ပါသွားကောင်း ပါသွားနိုင်ပါတယ်၊ အဲဒီကိစ္စကို နောက်တစ်စောင်က ဒီထက်ပိုပြီး ယောင်ဝါးကြည့်ပါမယ်) ဒါပေမယ့် အခု ၂၀၁၂ ရောက်လာတဲ့အခါ၊ ကျွန်တော်တို့ facebook ထဲမှာ ရှိနေတဲ့ ကဗျာရေးသူတွေဟာ၊ ခေတ်ပေါ် ကဗျာကနေ ပြောင်းလဲ လာတဲ့ ပုံသဏ္ဍန်တွေကို အသုံးပြုလာကြတယ်။ အရင်တုန်းက ခေတ်ပေါ် တွေ အသုံးပြုခဲ့ကြတဲ့ ကဗျာပုံသဏ္ဍန်တွေကို မသုံးကြတော့ဘူး။ အကြောင်းအရာ အားပြု ပုံတွေလည်း ပြောင်းလဲခဲ့ပြီ လို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက ခေတ်ပေါ် ရေးနည်း technique ကနေ ဒီဘက် technique အသစ်ဘက်ကို ပြောင်းလဲခဲ့ကြပြီ။ ပြောင်းသုံးခဲ့ကြပြီ။

ဒါပေမယ့် ကဗျာအမြင်တွေရော ပြောင်းခဲ့ပါသလား။

အဲဒီ ကဗျာအမြင် တွေအကြောင်း ကျွန်တော် အောက်နားမှာ ဆက်ပြောပါ့မယ်။ အင်း . . ကျွန်တော်တို့ facebook ပေါ်မှာ ကဗျာတွေ ပြောင်းလဲ လာခဲ့တယ်လို့ ကျွန်တော်သုံးခဲ့တယ်။ ဟုတ်တယ်၊ အဲဒါက ကျွန်တော် သိနေတဲ့အပိုင်းကို ပဲ ပြောတာ။ ကျွန်တော်သိနေတဲ့အပိုင်းဆိုတာ ကျွန်တော်နဲ့ friend ဖြစ်နေတဲ့ လူတွေ၊ ကျွန်တော် like, subscribe လုပ်ထားတဲ့ Page တွေ၊ လောက်ကို ပြောတာ။ ကျွန်တော် မသိတဲ့ အပိုင်းတွေ၊ အ၀ှမ်း တွေ အများကြီးကျန်နေဦးမှာပဲ။ သူတို့ဆီမှာ ဘယ်လို ကဗျာတွေ ခေတ်ထ နေလည်း ကျွန်တော် မသိနိုင်ဘူး။ ဟိုး . . တစ်ခါတုန်းက ကျွန်တော့် သူငယ်ချင်း ရဲ့ facebook ၀င်ကြည့်မိတယ်။ အဲဒီမှာ သူနဲ့ Friend ဖြစ်နေတဲ့ သူတွေ ကဗျာအကြောင်းကို အကျေအလည် ဆွေးနွေးနေကြတယ်။ ဟို .  . . ဆရာသစ္စာနီ ရဲ့ မော်ဒန်ရှင်းတမ်းမှာပါခဲ့ဖူးတဲ့ “ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့” ဆိုတဲ့ (၁၃) ချက် ပါတဲ့ facebook note အောက်မှာ ဆွေးနွေးနေကြတယ်။ share နေကြတယ်။ ဆရာသစ္စာနီ ရေးခဲ့တာ ခေတ်ပေါ် ကဗျာ တွေရဲ့ ဂုဏ်ရည် အတွက်ပဲ။ အောက်မှာ ၀င်ဆွေးနွေးနေကြတဲ့ သူတွေကလည်း၊ ခေတ်ပေါ် အကြောင်းပဲလို့ ကျွန်တော်ထင်တယ်။ အင်း . . ထင်တယ်။ ကောင်းခြင်း၊ ဆိုးခြင်း၊ စောခြင်း၊ နောက်ကျခြင်း၊ ကို ဆိုလိုတာ လုံးဝ မဟုတ်ဘူး။ ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူး ဆိုတာ ကို ပြောချင်တာပဲ။ ဒါတောင် ကျွန်တော်ဒီလောက်ပဲ တွေ့လို့။ အခြား facebook အ၀ှမ်း တွေ အများကြီး ရှိနိုင်သေးတယ်။ facebook မဟုတ်တဲ့ အ၀ှမ်း တွေလည်း အများကြီး ရှိနိုင်သေးတယ်။ ဒါပေမယ့် ကျွန်တော်က တော့ ကျွန်တော်သိနိုင်တဲ့ သိသလောက်ကို ပဲ ပြောတော့မယ်။ (အင်းလေ . . မသိတဲ့အကြောင်းကို ပြောလို့မှ မရနိုင်တာ)

ဒါပေမယ့် အဲဒီလို ပြောင်းလာတဲ့ ကိစ္စ မှာမှ၊ ဒီဘက် ဘာသာစကားနွယ် ကဗျာတွေဘက် ပြောင်းလာတာကို ကျွန်တော် ပိုပြောချင်မိတယ်။ ကျွန်တော်သိသလောက် ဆိုရရင် အဲဒီ ခေတ်ပေါ် ကဗျာကနေ ဘာသာစကားနွယ်ကဗျာတွေဆီ ပြောင်းလဲလာမှု ရဲ့ အစဟာ ဆရာဇေယျာလင်း ကြောင့်ပဲ။  ဆရာဇေယျာလင်း အနေနဲ့ ၂၀၀၀ ပြည့်နှစ် ကျော် မှာ ချယ်ရီ၊ ရုပ်ရှင်တေးကဗျာ၊ စတိုင်သစ်၊ ဟန်သစ်၊ . . . အစရှိတဲ့ မဂ္ဂဇင်းတွေမှာ ကဗျာဆောင်းပါးအချို့ ရေးခဲ့ပြီး၊ အဲဒီမှာ LANGUAGE POETRY ကို စတင်ဆက်ခဲ့တာပဲ။ ( နောက်ပိုင်း အဲဒီဆောင်းပါးတွေကို စုစည်းပြီး၊ ၂၀၀၅ မှာ နှစ်ကာလများ စာပေ ကနေ L=A=N=G=U=A=G=E Poetry နှင့် အခြားကဗျာဗေဒများ” ကိုထုတ်ဝေခဲ့တယ်။ ) နောက်ပြီး အခြား ပို့စ်မော်ဒန် နဲ့ ကွန်တန်ပိုရာရီ ကဗျာ ဆိုင်ရာ ဆောင်းပါးတွေကို  လည်း မိတ်ဆက်ပေးခဲ့တယ်။ ၂၀၀၆ မှာ ထင်ရှားသည့် အမှတ်အသား ထွက်လာတယ်။ ပြီးတော့ အနန္တကို မလိုချင်ဘူး၊ ကြာသပတေးပဲ လိုချင်တယ်။ ပြီးတော့ ကဗျာရေးသူကို ထုတ်လုပ်ခြင်း။ ပြီးတော့ ဂျွန်အက်ရှ်ဘရီ နိဒါန်း။ ပြီးတော့ “၂၀၀၇”။  အင်း . . အဲဒီအချိန်မှာ အသံတွေ တော်တော် ဆူညံ နေပါပြီ။ အချို့ ကဗျာဆရာကြီးတွေဆို အက်ရှ်ဘရီ နဲ့ LP နဲ့ မကွဲပဲ ၀င်ဆဲ နေကြပါပြီ။

ဦးထိန်းရေ . . ကျွန်တော် ဆယ်တန်း အောင်တော့ ၂၀၀၅ ပါ။ ရန်ကုန်ကိုရောက်လာတာ၊ ၂၀၀၆ ပါ။ ပြောချင်တာကတော့၊ ကျွန်တော် စပြီးဝယ်ဖြစ်ခဲ့တဲ့ ဆရာဇေယျာလင်းရဲ့ စာအုပ်ဟာ ၂၀၀၇ ပါ။ ပြီးတော့မှ ကျန်စာအုပ်တွေကို လျှောက် ၀ယ်ဖြစ်တာ။ အဲဒီတော့ ၂၀၀၇ ထက် အစောပိုင်းအချိန်တွေကို ကျွန်တော် မမီ ပါဘူး။ အဲဒါကြောင့် ကျွန်တော်ဖောတာ လွဲချင် လွဲနေနိုင်ပါတယ်၊ ဦးထိန်းပဲ ပြင်ပေးပါဦး ။ ဒါပေမယ့်၊ ဘာပဲပြောပြော ခရစ်နှစ်၂၀၀၇ မှာတော့ မြန်မာ ကဗျာ အပြောင်းအလဲ တွေနဲ့ တော်တော် တွေ့နေရပြီလို့ နိုင်ပါတယ်။ ၂၀၀၈/၂၀၀၉ တေလေ တို့နဲ့ ကျွန်တော်တို့ စတွေ့တဲ့အချိန်၊ ကျွန်တော်တို့ ဘလော့ စရေးတဲ့ အချိန်မှာ ကျွန်တော်ဆိုလိုခဲ့တဲ့ ခေတ်ပေါ်ကနေ ပြောင်းလဲလာခဲ့တဲ့ ဘာသာစကားနွယ် ကဗျာပုံသဏ္ဍန် ဟာ စာအုပ်၊ စာပေ တွေပေါ်မှာ (အများစု က နှစ်ကာလများစာပေ ကနေတဆင့်) အတော်တွေ့ရနေပြီးဖြစ်သော်ငြား၊ အွန်လိုင်း ဘလော့ တွေပေါ်မှာ တော်တော်ရှားရှားပါးပါးပါပဲ။ ကျွန်တော်သိသလောက်ပြောရရင်၊  တည်ရ (အမည်မဲ့)၊ XY ၊ သိုးထိန်း၊ လင်းရမ္မာ၊ တေလေ၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ပဲ။ ဆူးခက်မင်း နဲ့ သုဏ်ေစိုင်းတို့က ဘာသာစကား ကဗျာ နဲ့ ဆရာဇေယျာလင်း တို့ရဲ့ လွှမ်းမိုးမှု ဘယ်လောက်ရှိခဲ့သလဲ ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမယ့် သူတို့ အရေးအသား ပုံသဏ္ဍန်တွေ၊ သုံးတဲ့ တက္ကနိ တွေ တော့ ခေတ်ပေါ်ဘက်ကနေ ကွဲထွက်ခဲ့တာတော့ အမှန်ပဲ။ ကျွန်တော် လေ့လာမှု အားနည်း၊ မှတ်ဥာဏ်တွေ ငပိန်းထပြီး အခြားလူတွေ ကျန်ခဲ့ရင်၊ ဦးထိန်း ကျွန်တော့်ကို ပြန်စာထဲမှာ ထည့် ပြောဦးဗျ။

ဦးထိန်းရေ . .  အခု ၂၀၁၂ အရောက်မှာတော့ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို  ကျွန်တော့် facebook ပေါ်မှာ အတွေ့ရ များတဲ့ ကဗျာတွေဟာဖြင့်၊ ခေတ်ပေါ် ကဗျာတွေထက်၊ ခေတ်ပေါ် တွေ မသုံးခဲ့တဲ့ တက္ကနိတွေ၊ ကဗျာပုံသဏ္ဍန် တွေ၊ အကြောင်းအရာတွေ အသုံးပြုလာတဲ့ ကဗျာတွေ ဖြစ်လာတယ်။ ဘာသာစကားနွယ် ပုံသဏ္ဍန် ကဗျာတွေကိုလည်း တော်တော်တွေ့လာရတယ်။ ဘာသာစကားနွယ် ကဗျာတွေလို့ ရိုးရိုး မသုံးဘဲ၊ ဘာသာစကားနွယ် ကဗျာပုံသဏ္ဍန် လို့ ကျွန်တော် ဘာလို့ သုံးသလဲ။ အဲဒီနေရာမှာ (ကို)မောင်ဒေး ရဲ့ “ပို့စ်မော်ဒန်ကဗျာ၊ ဘာသာစကားကဗျာနဲ့ယနေ့ မြန်မာကဗျာဆိုင်ရာ ပြဿနာ” ဆောင်းပါး၊ အက်ဆေး မှာ ပါတဲ့ စာပိုဒ်တစ်ခုကို quote ပြချင်တယ်။

“ဘာသာစကားကဗျာနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာကတော့ ကဗျာဖတ်သူနဲ့ဘာသာစကား ကဗျာကို ကိုယ်တိုင်အားထုတ် ရေးသားနေသူအတော်များများက ဘာသာစကားကဗျာကို “ကဗျာသဘောတရားအစု တစ်ခု” “ကဗျာလှုပ်ရှားမှုတစ်ခု” လို့ မမြင်ပဲ ကဗျာပုံသဏ္ဍာန်(Form) တစ်ခုလို့ မြင်နေခြင်း ပါပဲ။ တကယ်တော့ ဘာသာစကားကဗျာကို ကျေကျေညက်ညက် ထဲထဲ ၀င်ဝင် နားလည်သူ ကလည်း အတော့်ကို ရှားပါတယ်။အခုနောက်ပိုင်း Facebook နဲ့ Blog တချို့မှာတွေ့လာရတဲ့ မြန်မာကဗျာ တွေဟာ ဘာသာစကားကဗျာကို ပုံသဏ္ဍာန်တစ်ခု အဖြစ်ယူပြီး၊ ဘာသာစကား ကဗျာလို့ သူတို့ယူဆထားတဲ့ အရေးအသား တွေထဲက ရေးဟန်တွေ၊ ရေးချက်တွေကို ထုတ်ယူ ကျင့်သုံးဖို့ကြိုးစားထားကြတာကို တွေ့ရပါတယ်။ အဲ့ဒီ ဘာသာစကားကဗျာ အရေးအသားလို့ သူတို့ယူဆထားတာတွေကလည်း အများအားဖြင့် ဇေယျာလင်းရဲ့ ကဗျာတွေသာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရနိုင်တာ၊ ရလိုက်တာ ကတော့ “ဇေယျာလင်း ဆန်မှု” သာဖြစ်ပါတယ်။ အဲ့ဒီ ကဗျာရေးသူတွေရဲ့ကဗျာတွေထဲမှာ အခြေခံသဘောတရားနဲ့ စိတ်ဝင်စားဖွယ်သီးခြားချဉ်းကပ်ပုံတွေတော့ ပါ မလာခဲ့ဘူး။ ”

ကျွန်တော်ဘာလို့အဲဒီအပိုဒ်ကို quote ပြရသလဲဆိုတော့ကာ၊ အဲဒီ အပိုဒ်မှာ (ကို) မောင်ဒေး ပြောသွားတာကို ကျွန်တော် အတိုင်းအတာ တစ်ခုထိ လက်ခံလို့ပဲ။ (အတိုင်းအတာ တစ်ခုထိတော့ လက်မခံ ပါဘူး) ကျွန်တော့် facebook ပေါ်မှာ ၂၀၁၂ မတိုင်ခင်ကတည်းက၊ အဲဒီ ဘာသာစကားနွယ် ကဗျာ အရေးအသား လို့ “ယူဆ ရတဲ့” ကဗျာ အများစုကို တွေ့ခဲ့ရပါတယ်။ အခုထိလည်း တွေ့နေရတုန်းပါပဲ။ (ကို) မောင်ဒေး ပြောသွားသလိုပါပဲ၊ အများစု ဟာ ဇေယျာလင်းဆန်တာကို ၀န်ခံရမှာပါပဲ။ ဒါပေမယ့် အဲဒီ ဇေယျာလင်း ဆန်မှု ဟာ အစောပိုင်းအချိန်တွေ တုန်းက၊ ပိုတွေ့ရများပြားခဲ့ပါတယ်။

အဲနောက်ပိုင်းတွေကြတော့ရော ?

 

နောက်ပိုင်းမှာ နှစ်ခု ဖြစ်သွားကြပါတယ်။

တစ်ခုကတော့ . . .

တစ်ချိန်က ဇေယျာလင်း ကဗျာ တွေဖတ်ပြီး၊ ဇေယျာလင်း ကဗျာ ပုံသဏ္ဍန်ကို အရယူပြီး၊ ဇေယျာလင်း ဆန်ခဲ့တဲ့ သူအချို့ဟာ အချိန်အတိုင်းအတာ တစ်ခုကြာပြီးတဲ့နောက် အတော်အတန်ရင့်ကျက်လာပြီး၊ ဇေယျာလင်း ကဗျာ ပုံသဏ္ဍန် ထက်၊ အမြင်ပိုင်းကို အမွေဆက်ခံခဲ့ကြတာပဲ။ ဆိုလိုတာကတော့ ကဗျာမှာ သူတို့ဟာ ကိုယ်ပိုင်ဟန်/ကိုယ်ပိုင်တတ်ကနိတွေ ကို ရှာဖွေကြတယ်။ အချို့လည်း တွေ့သွားကြတယ်၊ အချို့လည်း ရှာဆဲပါပဲ။ သူတို့ဟာ ဆရာဇေယျာလင်း တက်ဆက်ခဲ့တဲ့ ကဗျာဆိုင်ရာ အမြင်တွေကို သေချာ တတ်နိုင်သလောက် လေ့လာကြတယ်။ အချို့ ကတော့ အမြင်အားလုံးကို လက်ခံချင် လက်ခံ နေနိုင်ပေမယ့်၊  အချို့ကတော့ အမြင်အချို့ကို လက်ခံချင်မှ လက်ခံမယ်။ အချို့လည်း တော်တော်များများကို နားလည် ပေမယ့်၊ အချို့က အချို့ကိုပဲ နားလည်တယ်။ ပြီးတော့ သူတို့ဟာ ပို့စ်မော်ဒန် သဘောတရားဆိုင်ရာနဲ့ အခြားအကယ်ဒမစ်ဆိုင်ရာ အရေးအသား တွေကိုလည်း စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ အခုလောလောဆယ်ဆိုရင်တော့၊  ဆရာ မင်းခက်ရဲ က ဟော့ အဖြစ်ဆုံးပါပဲ။ ပြီးတော့ မြန်မာပြည် မှာ ပို့စ်မော်ဒန်အကြောင်း ပြောရင် မပါမဖြစ်တဲ့ ဆရာဇော်ဇော်အောင်၊ ပြီးတော့ ဆရာမြင့်သန်း၊ အောင်ခင်မြင့်၊ ကျော်ဇောခိုင် အစရှိသဖြင့်ပေါ့။ ဒါ့အပြင် နိုင်ငံတကာက အရေးအသားတွေကို ပါ လေ့လာနေကြတာကို တွေ့ရတယ်။ အဲဒီမှာလည်း အချို့က တော်တော်များများကို နားလည် ပေမယ့်၊ အချို့က အချို့ ကိုပဲ နားလည်တယ်။ ဒါပေမယ့် နေရာတိုင်း၊ နေရာတိုင်း မှာ poser တွေ၊ wannab တွေ ရှိနေတာ မဆန်းပါဘူး။ အဲဒီလို poser တွေ၊ တအင်းကြီး တပည့်တွေ ၀င်ခံ တဲ့ လူတွေကြောင့်၊ ကဗျာကိစ္စ တကယ်လုပ်မယ့် သူအချို့ သွေးနထင် ရောက် ပြီး လမ်းလွဲ ကုန်မှာကို နှမြောစရာပါပဲ။ အချို့တွေက နာမည်ကြီးချင်လို့ နေရာဝင်ယူတာတွေလည်း ရှိပါတယ်။ အချိန်တန်ရင် နွားပိန်ကန် ပြီး သူတို့ စရိတ်နဲ့ သူတို့ သွားပါလိမ့်မယ်။ ကဗျာရေးရတာ လွယ်ပါတယ် (ကောင်းတာ၊ ဆိုးတာ အပထား) ၊ တကယ့် ကဗျာဆရာ အဖြစ် တစ်သက်လုံး (ကဗျာအလုပ်) လုပ်သွားဖို့သာ ခက်တာပါ။ တကယ်ပါ။

 

ဇေယျာလင်း ဆန်မှု ဟာ အစောပိုင်းအချိန်တွေ တုန်းက၊ ပိုတွေ့ရများပြားခဲ့ပါတယ်။

အဲနောက်ပိုင်းတွေကြတော့ရော ?  လို့ ကျွန်တော် အပေါ်မှာ ပြောခဲ့သေးတယ်နော် ဦးထိန်း။

 

နောက်ပိုင်းမှာ နှစ်ခု ဖြစ်သွားကြပါတယ် လို့ ထင်ပါတယ်။ (တစ်ခုကို အပေါ်ပိုင်းမှာ ပြောပြီးပြီနော်)

ဒုတိယ တစ်ခုက . .

ဆရာမောင်ဒေးရဲ့ “အဲ့ဒီ ဘာသာစကားကဗျာ အရေးအသားလို့ သူတို့ယူဆထားတာတွေကလည်း အများအားဖြင့် ဇေယျာလင်းရဲ့ ကဗျာတွေသာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရနိုင်တာ၊ ရလိုက်တာ ကတော့ “ဇေယျာလင်း ဆန်မှု သာဖြစ်ပါတယ်”  မှာ ၀င် ပြောရရင်ဖြင့်၊ အခုနောက်ပိုင်း (ကိုလွန်းဆက် စကားအရဆို ခေတ်ပြိုင် လွန်) အချို့ အချို့ တွေဟာ ဇေယျာလင်း လွှမ်းမိုးမှု တိုက်ရိုက်မရှိတော့ပါဘူး။  သူတို့ ရေးသားနေတဲ့ ကဗျာပုံသဏ္ဍန်ဟာ (ဇေယျာလင်း ရဲ့ တိုက်ရိုက် လွှမ်းမိုးမှု ရှိခဲ့တဲ့) သူတွေ ဆီကနေရယ်၊ သူတို့ အချင်းချင်း ဆီက အများစု နဲ့ ဆရာဇေယျာလင်းရဲ့ ကဗျာအချို့ (သီဝရီ သဘောတရားဆိုင်ရာ ဆောင်းပါးတွေ၊ အက်ဆေးတွေ အင်တာဗျူးတွေ မဟုတ်) ဆီကနေ ရလာဟန်ရှိပါတယ်။ အဲဒီ ထဲမှာ ကဗျာအလုပ်ကို တကယ်လည်း အားထည့် လုပ်နေသူတွေကိုလည်း တွေ့ရပြီး၊ ပေါ်ပင် တွေလည်း များပါတယ်။ အဲဒီလို များလာတာကတော့ အွန်လိုင်း (အဓိကတော့ facebook) ကြောင့်ပါပဲ။ လွတ်လွတ်လပ်လပ် ဖြန့်ဖြူးရ လွယ်ကူ မှု ဟာ ကောင်းကျိုးနဲ့ ဆိုးကျိုးကို တစ်ပြိုင်တည်း ဖြစ်သွားစေတဲ့ ပုံပါပဲ။  အဲဒီ ထဲက အချို့ဟာ ကို မောင်ဒေး ပြောသွားခဲ့တဲ့ အခြေခံ သဘောတရားနဲ့ စိတ်ဝင်စားဖွယ်သီးခြားချည်းကပ်ပုံ ကတော့ တော်တော်ဝေးသွားပါပြီ လို့ထင်ပါတယ်။ ဆရာ ဇေယျာလင်း တင်ဆက်ခဲ့တဲ့ ဘာသာစကားကဗျာပုံသဏ္ဍန် ကို အခွံချည်း ရ လိုက်သလိုပါပဲ။ အနက်ကောက်လွဲ (misinterpret) ဖြစ်သွားတာတွေ အများကြီးပါပဲ။ အချို့ အချို့တွေမှာ ကဗျာအမြင်တွေ၊ နောက်ခံ ဒဿန ဆိုင်ရာတွေ၊ ဘာသာစကားအမြင်တွေ ဘာမှ မယ်မယ်ရရ ရှိဟန်မတူပါဘူး။ (ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ ဇေယျာလင်း တက္ကနစ် တွေချည်း ရလိုက်ပုံပါ) ကျွန်တော် စောက်ဖောင်း တွေ မိုက်မိုက်ကန်းကန်း ၀င်ထု မိပါပြီ။ ကျွန်တော် ၀ါးလုံးရှည် နဲ့ သိမ်းကျုံးရိုက်တာ မဟုတ်ပါဘူး။ အချို့ အချို့တွေကို ပြောတာပါ။ နောက်ပြီး သေသေချာချာ လေ့လာ ပြီး၊ ကဗျာကိစ္စ လုပ်နေကြတဲ့ လူတွေ လည်း အများကြီးပါပဲ။ ကျွန်တော်တို့ထက် လေ့လာမှု အား အများကြီး အများကြီး ကောင်းတဲ့ သူတွေလည်း အများကြီးပါပဲ။ သူတို့တွေဆီကနေ ဆောင်းပါး၊ အက်ဆေး တွေ အများကြီး မျှော်လင့်မိပါတယ်။ ကျွန်တော့် အတ္တနောမဟိနဲ့ ပြောရမယ်ဆို ကဗျာကို ခံစားပြီး ရေးဖွဲ့ နေရုံနဲ့ မပြီးတော့ပါဘူး။ တက္ကနစ် အသစ်တွေ့လိုက် လျှောက်သုံးလိုက်၊ အခေါ်အဝေါ် အသစ်တွေ ဟိုမှာပေါ်တိုင်း (ဥပမာ – post-flarf ဘာညာ) ဒီမှာ လျှောက်လုပ် နေရုံနဲ့ မပြီးပါဘူး။ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ ကဗျာဆိုင်ရာ အမြင်တွေလေ့လာ ရပါမယ်။ သီဝရီတွေ လေ့လာရပါမယ်။ (ပြီးတော့ ကိုယ့် ယဉ်ကျေးမှု ၀န်းကျင် နဲ့လည်း ဆိုင်ပါသေးတယ်၊ “အသစ်ဆိုတာ ပင်မရေစီးရဲ့ ဆက်နွယ်မှုကနေ ပဲ ထွက်ပေါ်လာလေ့ရှိပါတယ်” ) တကယ်လို့ အမေရိကန်က ကွန်တန်ပိုရာရီ ကဗျာဆရာတစ်ယောက်က သီဝရီ မလိုတော့ဘူးလို့ဆိုတောင်၊ ကျွန်တော်တို့ ဆီမှာ လို ပါတယ်။ ယန်ဒဘို့ဒလျီးယ လို လူက French Theory is useless လိုဆိုချင်၊ ဆိုနိုင်ပေမယ့်၊ ကျွန်တော်တို့လို အခုမှ စမယ့် လူတွေကတော့ လေ့လာရပါမယ်။ လေ့လာ သင့်ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ အခြေအနေခြင်း လုံးဝ မတူပါဘူး။ မတူခဲ့ပါဘူး။ အဲဒီအတွက် . . ဆောင်းပါးတွေ၊ အက်ဆေးတွေ ရေးရပါမယ်။ တစ်ယောက်ကဗျာတစ်ယောက် ထင်မြင်ချက်တွေ ပေးရပါမယ်။ (အဲဒီအလုပ်တွေ ကျွန်တော်တို့လည်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖြစ်ခဲ့ကြောင်း ၀န်ခံပါတယ်) ပြောရမယ်ဆိုရင်၊ ကျွန်တော်လည်း ဘာမှ မသိပါဘူးလို့ ထပ်ပြီး ၀န်ခံပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက် လေ့လာ နေပါတယ်။  ၀မ်းစာ မပြည့်သေးတဲ့အတွက် သိပ် ထုတ်မပြောရဲသေးတာတွေ ရှိပါတယ်။ ဥပမာ – ဆောင်းပါးတစ်ပုဒ်ကို အင်္ဂလိပ် စာကနေ မြန်မာကို တိုက်ရိုက်ပြန်တာ လွယ်ပါတယ်။ Google Translate မှာ English To Myanmar သာ ပါခဲ့ရင် . . လူတိုင်း ကလစ် တစ်ချက်နဲ့ ဘာသာ ပြန်နိုင်နေမှာပါ။ ဒါပေမယ့်၊ တကယ်တေ

ခေါင်းစဉ်စဉ်းစားဆဲ ၁

ပညာရှင်လေးတစ်ယောက် အခန်းထဲ လှိမ့်ပိတ်ပြီး ချောင်းဆိုးနေရှာတယ်
သူ.ရဲ့ အဟွက်… အဟွက်ဟာ ဒီခေတ်မှာ အဖျက်ချခံရတဲ့ ငြမ်းပဲ ၊ သက်သေပဲ ။
ဖြစ်စဉ်ရဲ့ ထိပ်မှာ ရပ်ကြည့်နေတဲ့ ချောင်းဆိုးချွဲကြပ်တွေနဲ့
သမိုင်းထဲ မျှောချခံရတဲ့ သလိပ်အထွေထွေ ၊ မှားနေ ။
အဲ့ဒီထဲမှာနေ ၊ အဲ့ဒီထဲမှာသေ ၊ အဲ့ဒီအဆောက်အအုံထဲမှာ လေတွေကြီးပဲ
လေထဲမှာ ဆောက်တဲ့ တိုက်အိမ်လေးလား ၊ အိပ်မက်လေးလား ၊ မျှော်လင့်ချက်များလား။
သွားစမ်းပါ လည်ချောင်းထဲကို ပျို့တက်လာတဲ့ ဖျားနာ
အဲ့ဒီ လည်ချောင်းသွေးတွေကိုပဲ ထွေးထုတ်လိုက်တယ် ၊ အများတကာရဲ့ တံတွေးခွက်ထဲ
ခေါင်းထဲမူးနောက်ခြင်းဟာ အကြောင်းအရာထဲ ၀ိုးတ၀ါးဝင်ရောက်သွား
မကွဲပြား ၊ မထင်ရှား ၊ စသည်ဖြင့်ရဲ့ အရာအားလုံးကို ခပ်တည်တည်နဲ့ တည်ဆောက်ပစ်လိုက်မယ် ။
မရောက်လာတာတွေကို ဘယ်လိုဖော်ပြမလည်းလို့ ထပ်ခါ ထပ်စဉ်းစားတယ် ။
မရှိတဲ့အသိဟာ သတိကိုခပ်ကြီးကြီးထားလို့ သွေးပုတ်တွေ ပန်းထုတ်ပေးမယ်တဲ့
လက်တစ်ဆုပ်စာ ဖျားယောင်းမှုဟာ တွေးခေါ်မျော်မြင်ခြင်းသက်သက်လိုလို
ကြမ်းရှရှ အနာဖေးတွေနဲ့ ဖေးကူထားရတဲ့ ခေတ်သစ် စနစ်သစ် ပြီးတော့ ညီညွတ်ရေးသစ်ဆိုလား
ဆိုရဲ့ အနာဂတ်ဟောင်းဆိုတာကလည်း ခုတော့ အရင်ကနဲ့ ဘာမှမတော့ တော့သလိုလို
ဟုတ်ကဲ့ ကျွန်တော်တို့ရုပ်တည်နဲ့ အဟုတ်လုပ်ချင်ယောင် ဆောင်ကြပါတယ်
ပြီးတော့ကာ အလုပ်ဟာလည်း ဟုတ်ချင်သလိုလို ဆောင်လာ
ဟိုဟာဆောင်ကြ ဒီဟာရှောင်ကြနဲ့ ကာကွယ်ဆေးဆိုတာကလည်း ဆောင်သလိုလို ရှောင်သလိုလိုနဲ့ပဲ
ဟုတ်မှာပေါ့ ၊
ဘာသာစကား နဲ့ ခပ်တည်တည်ပဲ ခံစားချက်လို့ ထထအော်တယ်၊ အဲ့ဒါ ဘာရောဂါဖြစ်မလည်း ။
မစဉ်းစားနဲ့ နောက်တစ်ကြောင်းကျော်မှာ နှပ်ညှစ်ရမယ်

တေလေ

P.S>> ခေါင်းစဉ် စဉ်းစားဆဲ ဟု ဆိုသည့်အတိုင်း စဉ်းစားလို့ရရင် ခေါင်းစဉ်ပြန်ပြင်ပါဦးမည် :P 

လမ်းလျှောက်ထွက်ပြီးရင်းထွက်ထွက်

ငါ လမ်းလျှောက်နေရင်း၊ ငါ့ အပေါ် တိုက်ပေါ်က အုတ်ခဲ ဘယ်တော့ ကျလာမလဲ၊ ငါ့ အပေါ် တိုက်ပေါ်က မှန်နှစ်ချပ်လောက် ဘယ်တော့ ကွာကျလာမလဲ၊ ငါအပေါ် တိုက်ပေါ်က ငါ ဘယ်တော့များ ကားကားရားရား ကွာ ကျလာမလဲ၊ အမြဲ အသိ ကို အမေးနဲ့ ယှဉ်၊ ပြီးရင် စာသားပြင်၊ လှမ်းကြည့်တဲ့ မျက်လုံးတွေ နဲ့ ငါ့ အကြားမှာ ဘယ် filter ရှိနေမလဲ၊

 

လက်သီးနဲ့ နှစ်ချက်ဆင့်ထိုးလိုက်တယ် ၊ ကြောက်တော့ ကြောက်တက်တယ် ဒါပေမယ့် ငါ့သူငယ်ချင်းအတွက် ဘာလို့ ထိုးတာလဲ ၊ ကိုယ်ကျင့်တရား ၊ လူပီသလိုမှု၊ ဘာမှု၊ ညာမှု၊

ဆိုင်တော့မဆိုင်ဘူးထင်

 

ငါ လမ်းလျှောက်နေရင်း ကားများ ၀င်တိုက်မလား၊ ဓါတ်ဆီဆိုင်ပဲ ထ ပေါက်ကွဲမလား၊ ငါ နဲ့ ငါ များ ၀င်ပေါက်ကွဲ၊ ၀င်တွေ့မလား၊ အသံဝဲ နေတဲ့ လူတွေ အကုန်လုံး ဟာ ငါ မဟုတ်ဘူးလား၊ အသံ ၀ဲ နေတာဟာ မွေးရာပါ လား၊ ယဉ်ကျေးမှု အဆောက်အအုံကြီးထဲက မြောင်း ကလေး တစ်ခုလား၊ ဒေါမနန့် အပေါ်ထပ် အဆောက်အဦတွေဟာ အသံ မ၀ဲ ဘူးလား၊ လမ်းမလျှောက်ဘူးလား၊ အုတ်ခဲ တွေကို မကြောက်ဘူးလား၊ ဓါတ်ဆီဆိုင်တွေထဲကို လမ်းလျှောက်ပြီး မ၀င်ဘူးလား၊ မကျိုးပဲ့ တတ်ဘူးလား၊ အမြဲတမ်း မှန်တယ်လား ၊  ကိုယ့်ကိုကိုယ်ပြန် မေးခွန်းထုတ်စေမယ့် ဘာသာစကားအဆက်အစပ် တည်ဆောက်ပုံတွေ ကို ကိုယ်စားမပြုဘူးလား၊ ဘယ်ကိုမှ ကိုယ်စားမပြုပဲ ဘာကိုမှ လမ်းလျှောက်လို့ရော ရလား၊ ရဘူးလား၊

 

ဒါဆိုရင် စိတ်ခံစားချက်သက်သက်လား ၊ အဲ့ဒါ ဘာဖြစ်မလဲ ၊ အဲ့ဒီခံစားချက်ဟာ ဘာကို ကိုယ်စားပြုမလဲ ၊ ဂုဏ်ရှိလို့လား ငါ အုတ်ချပ်ခဲ နဲ့ ကောက်ထုလိုက်ရမလား ၊ ငါ့သူငယ်ချင်းအတွက် ထိုးပစ်လိုက်ချင်တဲ့ ခံစားချက်ကရော မကျိုးပဲ့သွားနိုင်ဘူးလား ၊ လက်တွေ့ကျကျ ငါဟာ ဘယ်တော့များ ကွာကျလာမလဲ လူပီသလိုမှု ထဲက လမ်းလျှောက်ပြီးထွက်လာတာလား ၊ မြောင်းထဲကျသွားခဲ့ရင်ရော ၊ စိတ်ခံစားချက်ရဲ့ တည်ဆောက်ပုံကို ဘာသာစကားအဆက်အစပ်နဲ့ ငါ ဘယ်လိုမွေးရာပါမလဲ

 

မြောင်းထဲကို ရောက်မလာတဲ့ မမြင်ရတဲ့ ဖုန်းလိုင်း ရဲ့ ဖြစ်ရှိမှု? ကြောင့် ထင်၊ ငါ့ မိသားစု၊ ငါ့ ခင်ပွန်း၊ ငါ့ သားသမီး၊ ငါ့သူငယ်ချင်း၊ ငါ့ နိုင်ငံတော်၊ ငါ့ စကြ၀ဠာ ၊ ငါ့ ကိုယ် ငါ၊ ဘာကို မှ ဖုန်းခေါ်လို့ မရတော့ဘူး၊ မြောင်းထဲကို ကျသေလိမ့်မယ်လို့ ရှိပြီးသားစကားလုံးတွေ သုံးပြီးတော့တောင် မတွေးခေါ်ခဲ့ဖူးဘူး၊ လှပ နက်ရှိုင်း အနံ့သက်မဲ့ မြောင်းကြီး

မြောင်းကြီးတွေထဲကနေ အပေါ်ကို မော့ကြည့်ဖူးသလား၊ မြောင်းကြီးတွေ လို့ သုံးလိုက်တော့ မြောင်းဘယ်နှစ်မြောင်း ပါသလဲ၊ ကမ္ဘာပေါ်မှာ မြောင်းဘယ်နှစ်မြောင်းရှိသလဲ၊ မသိချင်နဲ့၊ မတွေးချင်နဲ့၊ ခင်ဗျားသေသွားမယ်၊ မသေချင်နဲ့၊ ၀ဲ နေတဲ့ အသံနဲ့ အကူအညီ အော်တောင်းလိုက်တော့၊ “ယနေ့ မှစ၍ မြန်မာ ဘာသာစကားကို နိုင်ငံတော်သုံး ဘာသာစကားအဖြစ် သတ်မှတ်လိုက်၍ အခြားဘာသာဖြင့် အကူအညီ တောင်းသည်များကို မည်သို့မှ သဘောထားမည် မဟုတ်ပါ” (ကမ်းခြေတစ်ခုမှစာ) အဲဒါ ဟာသ တစ်ခုမှာပါတာ၊ မြောင်း ထဲက ငါ နဲ့ မြောင်းထဲက ငါတို့ ဘာကွာသလဲ ဆိုတာ ခင်ဗျား၊ ခင်ဗျားတို့ သိလား

 

အစဆုံးတစ်လိုင်းကို ဘယ်ကစခဲ့တာလဲဟင် ၊ ငါ့ရဲ့ ဘာနဲ့စထားတာလဲ ၊ငါ့ရဲ့ ဘယ်အရာနဲ့ ဘယ်သူက စထားတာလဲ၊ ဘယ်သူက ဆိုတာမှာ ငါကိုယ်တိုင်ရော အကျုံးဝင်ခဲ့သလား ၊ ငါ ငါ ငါ့ရဲ့ အဆောက်အအုံ ခံစားချက်ကလေးကို ဘယ်သူမောင်ပိုင်စီးသွားတာလဲ ၊ အဲ့ဒါဟာ ငါ့ရဲ့ မြောင်းထဲကနေ သူတို့အော်ဟစ်မေးမြန်းနေမှုလား ၊ ဒါမှမဟုတ် တမင်သက်သက် ဟာသ လုပ်နေကြတာလား ငါဟာ ဟာသလုပ်ခံထိတာလား ၊ ထပ်တစ်ခါ ဒါမှမဟုတ်ရရင် ငါက ဟာသလား ၊ ငါ ဘယ်ရောက်သွားလဲဆိုတာ ငါ့သူငယ်ချင်းရောသိလား ၊

 

အစအဆုံး ပြန်မတွေးချင်လည်း၊ သူ့ဟာသူ ပြန်တွေးနေတယ်၊ အတွေးထဲမှာ အော်တိုမစ်တစ် စာလုံးကလေးတွေ ပေါ်လာကုန်တယ်၊ ဟုတ်ပဟယ်၊ အဲဒါ အော်တိုမစ်တစ် ရဲ့ အဓိပ္ပါယ်ကို ချဲ့ထွင်နေတာ၊ အဓိပ္ပါယ်ပြုလုပ်ခြင်းကို စောကြောမလို့၊ ရေနံ နဲ့ ထမင်းနဲ့ နယ်စား ကုန်ကြတာလား၊ အစကနေ အဆုံး ၊ ကကြီးကနေ အ၊ အ အနောက်မှာ ခင်ဗျား ဘာထပ်ထည့်လို့ရော ရခဲ့သလဲ၊ ခင်ဗျားတစ်ဘ၀ လုံး အဲဒီမြောင်းကြီးထဲမှာ ဖက်ဆစ်စနစ်ဆန်တဲ့ ဘာသာရေး ပို့ချမှု တွေ နဲ့ ခင်ဗျား က ခင်ဗျား တစ်စိတ် ဖြစ်လာခဲ့တာ၊ အ၀ှမ်းတွေ ဆက်စပ်ရောယှက်ကုန်တဲ့ Set Theory ကိုတီထွင်ပြီး နောက် Fuzzy လုပ်ပစ်လိုက်တာ၊

 

တိရိစ္ဆာန် တွေမှာ အထီးနဲ့ အမ အသံ ဘာလို့ သိပ်မကွာဘူးလို့ ခင်ဗျားတို့ ခံစား ရတာလဲ

သူတို့မှာ ယဉ်ကျေးမှု မရှိလို့လား၊

မဖြေချင်ဘူး၊ ပြန်လည်း မတွေးချင်တော့ဘူး၊ မြောင်းထဲကနေ ကြယ်တွေကို မော့ကြည့်ပြီး

Grand Design ကို နားလည်ကာသွား၊ ပြောချင်တာက၊ သိပ္ပံပညာရှင်ဖြစ်သွား

ဒါပေမယ့် နားကတော့ ပါး၊

 

ပြောရင်းနဲ့ ဆိုရင်းပဲ အသံတွေကို အနက်ပြန် ခပ်နက်နက်တွေး ၊ နောက်ပြီး ခပ်နက်နက်တူးထားတဲ့ ဒီမြောင်းကြီးဟာ ဆူးအက် ၊ ပနားမား ၊ အမည်ပေး ခပ်ဝေးဝေးကနေ ငေး ပြီးတော့ ပြန်စဉ်းစားတယ် ပြန်စဉ်းစားတဲ့အထဲမှာ ဘာတွေရှိမလဲ ၊ ဒါပေမယ့်ကို ဘောင်ခတ်ပြီး ဓါတ်ဆီဆိုင်ထဲပို့ မီးခြစ်နဲ့ရှို့လိုက် ၊ အော်တိုမစ်တစ် အကြမ်းဖက်သမားပဲ ၊ ဘာမှမမေးနဲ့ ငါ ငါ့ကိုယ်ငါ မီးရှို့လိုက်တာ နံစော်နေတဲ့ ကယ်စီယမ်ဓါတ်တွေကို ၊ ပြီးတော့ ယဉ်ကျေးမှုရဲ့ အဲ့ မှန်နှစ်ချပ်ထဲ ထိုးထိုးထွင်းထွင်း မြင်ကြည့်ချင်လိုက်တာ ၊ ဒဿန အကျိုးအပဲ့တွေနဲ့ ဆောက်ထားတဲ့ တိုက်ပဲ ၊ ကွာကျလာတဲ့ ငါ့အကြောက်တရားလေးကို သူတို့ ဘာထပ်လုပ်ဦးမလဲ

 

လူကြီးသူမ ပုံ ရုပ်ထု ကြီးတစ်ခု၊ လူနဲ့ အရမ်းတူတဲ့ ရုပ်ထုကြီးတစ်ခု၊ မြောင်းထဲကို ဘယ်လိုလုပ်ရောက်နေတာလဲ၊ ငါ့မှာလည်း သူ့အရှေ့က ဖြတ်လျှောက်တိုင်း ခါးကို အလိုလိုကိုင်းမိ၊

ပါဝါ ဟာ မြောင်းထဲ ပါမကျန် ကိုယ်ခန္ခာ ပေါ်ကိုပါ သက်ရောက်တာလား၊ ဒီလိုနဲ့ မြောင်းထဲမှာ

လမ်းပတ်လျှောက်၊ သူငယ်ချင်းအတွက် လက်သီးထိုး၊ ငါသေသွားရင် အဲဒီ အရုပ်ကြီးထက် အရင်ပုပ်သွားမှာ

ကွာကျလာတဲ့ ငါ့အကြောက်အတရားလေးကို သူတို့ ဘာထပ်လုပ်ဦးမလဲ

ဘယ်မှာလဲ အုတ်ခဲချပ်၊

မရှိ၊

အဲတော့ ကောင်းတဲ့မြောင်းလား၊

စုတ်တဲ့ မြောင်းလား

လှအောင်

ကြည့်လုပ်လိုက်

 

 

တေလေ၊ လင်းနီညို

ဦးဦးထိန်းထိန်း သို့ ပေးစာ (၁)

(၂၀၁၁ တုန်းက ရေးထားတာပါ၊ လှုပ်ခတ် မှု များပြား နေတဲ့ အချိန် (မပြည့်သေးတဲ့ အိုး) မို့လို့ တစ်နှစ် ဆိုတဲ့ အချိန်တည်းမှာတောင် အမြင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် သိပ်အများကြီး မဟုတ်လို့ အဲဒီတုန်းက အတိုင်း ပဲ ပြန်တင်လိုက်ပါတယ်)

သို့  . . ဦးထိန်း . . ရေ

ဘာလိုလိုနဲ့ 2011 ထဲတောင် ရောက်ခဲ့ပြီပဲ။     ကျွန်တော်လည်း အခုတလော ဒီလိုပဲလျှောက်ဖတ် နေဖြစ်တယ်ဗျ။ အခုတလော ခိုက်နေတဲ့ ကဗျာတွေကတော့ ဦးထိန်းလည်းသိတဲ့ ကျွန်တော်တို့ ချစ်ချစ်ကြီး နာဒါဂေါ်ဒွန် ရဲ့ ကဗျာတွေပဲဗျ။ အင်း . . သူတို့ အဖွဲ့က လူတွေရဲ့ အခြားကဗျာတွေလည်း ဖတ်တော့ဖတ်ဖြစ်တယ်။ သေချာမဖတ်ဖြစ်တာတော့ ၀န်ခံရမယ်ဗျ။ ဒါနဲ့  နာဒါ ရဲ့ မျက်စိမှိတ်ပြီး ရေးတဲ့ prose တွေဆို တော်တော်လန်တာကိုးဗျ။ လန်ဆို၊  ကျွန်တော်တို့အဖွဲ့ (မှတ်မှတ်ရရ ကျွန်တော်နဲ့ အမာ) တောင် သူ့ကဗျာတွေကို sexy ဖြစ်တယ်လို့ သုံးဖူးတယ်ထင်တာပဲ။ sexy ဆိုတာကလည်း လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါတဲ့ကဗျာကို ဆိုလိုတာထက်၊ သူ့ကဗျာတွေက ဆွဲဆောင်မှုတစ်စုံတစ်ရာ ရှိတယ်လို့ ကျွန်တော်တို့ သုံးခဲ့ကြတာကိုး။ နောက်ပြီး Magee ရဲ့ mainstream poetry for the mainstream world ဆိုတာကိုလည်း ကျွန်တော် ခိုက်နေမိတယ်။ ကျွန်တော့် ရဲ့ နောက်ပိုင်းကဗျာတွေက သူတို့ အဖွဲ့ရဲ့ လွှမ်းမိုးမှုတွေ အနည်းအများရှိတာကိုတော့ ၀န်ခံရမှာပဲ။ Nada Gordon ရဲ့ Unicorn Beleivers Don’t Declare Fatwas ဆိုတဲ့ကဗျာကို ကြိုက်ပြီးတော့ ကျွန်တော်တောင် ကဗျာတစ်ပုဒ်ရေးဖြစ်ထားသေးတယ်ဗျ။ နောက်ကြုံမှ ပို့လိုက်တော့မယ်ဗျာ။ အဲဒီစော်ကြီးရဲ့ ကဗျာထဲမှာ feminism ဆန်ဆန် စာသားတွေပါနေတာကလည်း တွေ့ရတာပဲဗျ။ (အရင်က လူတွေ ကဗျာမှာ မသုံးပဲ ဘေးကန်ထုတ်ထားတဲ့ အရာတွေ(အရင်ကလူတွေ မသိသေးတဲ့ အရာတွေ) လည်း ပါတာပေါ့၊ ကဗျာကြီးကို ကြည့်လိုက်တာနဲ့ “ဟ ဘာလဲ ဟ” ဆိုပြီးဖြစ်သွားတာ အနည်းနဲ့ အများပေါ့ဗျာ၊ hee)  ဥပမာ – သူ့ရဲ့ Chihuahua Noises ကဗျာထဲမှာဆို “ Vocal pitch is only partially the result of anatomical differences between men and women, and the remaining factor is due to culturally expected norms” လို့တောင်ပါသေးတယ်ဗျ။ သူ့ကဗျာတစ်ပုဒ်ထဲမှာ ပါတဲ့ “ခင်ဗျား မိန်းမတွေနဲ့ လိင်ဆက်ဆံတဲ့အခါ သူတို့တွေ အားလုံး******* ဂျပန်ကာတွန်းကားထဲကလိုအော်ကြတယ်” ဆိုတဲ့စာသားလေးတွေကို ဖတ်ကြည့်မိတော့ ကဗျာဖတ်ခြင်းဆိုင်ရာ အလေ့အကျင့်တွေကို သွား သတိရမိတယ်ဗျ။ ကျွန်တော် တို့ ရှေးရိုးစွဲ သမားတစ်ယောက်သာ အဲဒီဟာကို ဖတ်ဖြစ်ခဲ့ရင် အပြာဆန်တဲ့ အရေးအသားလို့ ထင်ကောင်း ထင်မိသွားလိမ့်မယ်ဗျ။

အမှန်တော့ စာတစ်ခုကို ဖတ်တဲ့နေရာမှာ အခုလက်ရှိ လွှမ်းမိုးနေတဲ့ယဉ်ကျေးမှုစံတွေရဲ့ အောက်ထဲကို အဲဒီစာကို အရင်ကန်ထည့်၊ ပြီးတော့မှ အဲဒီ အမြင်တစ်ခုအတွင်းကနေ အဲဒီစာကို အကျအန ဖတ်နေလို့သာ အဲဒီလိုတွေ ဖြစ်နေတာပဲဗျ။ အဲဒီလွှမ်းမိုးနေတဲ့ ရှိရင်းစွဲ ယဉ်ကျေးမှုကနေ ပြဋ္ဌန်းထားတဲ့ စံတွေကနေ ခွဲထွက်နေတဲ့ (သူတို့နဲ့ မတူတဲ့) အရေးအသားပုံစံတွေကိုတော့ “မသင့်တော်ဘူး” ဆိုပြီး ဘေးကို ဆောင့်ကန်ထုတ်ကြတာကိုးဗျ။ ကဗျာ ဆိုတာ မြေကြီးအောက်မှာ အစကတည်းက ရှိနေတဲ့ ကျောက်စိမ်းမဟုတ်ဘူး။ (ပြောရမယ်ဆို ကျွန်တော်တို့ သိထားတဲ့ ဘာသာစကား ကျောက်စိမ်း နဲ့ တကယ့်အစစ်အမှန် တရား ကျောက်စိမ်း နဲ့ လည်း မတူပါဘူး၊ ဆက်စပ်မှု မရှိပါဘူး၊ စကားအရသာ ပြောလိုက်တာဗျ၊ ကျွန်တော်တို့ သိထားတဲ့ ကျောက်စိမ်းဆိုလည် ဘာသာစကားရဲ့ တည်ဆောက်ထားမှု တစ်ခုပဲ) ဆိုလိုတာက၊ ရှာဖွေတွေ့ရှိထားတာ မဟုတ်ဘူး။ တည်ဆောက်ထားတာ။ ကဗျာ စာသား၊ ဘာသာစကားတွေထဲမှာ ပါဝါတွေ ရှိနေတယ်။ အထက်အောက်ဖိစီးမှုတွေ ရှိနေတယ်။ မထူးဘူးဦးထိန်းရေ၊ သူတို့ဆီကအကြောင်း တွေပဲ (ဗဟုသုတအဖြစ်ပဲဖြစ်ဖြစ်) ဆက်ပြောရအောင်ဗျာ၊ ကျွန်တော်တို့ အကြောင်းကတော့ နောက်မှ ဆက်ပြောတာပေါ့။ ကျွန်တော် က သိပ်မသိသေးတော့ ပြောတာတွေ မှားရင်လည်း မှားနေတဲ့ ဟာတွေကို ဦးထိန်း ထောက်ပြဦးလေ။

LP နောက်ပိုင်းမှာ ပေါ်လာတဲ့ ဘာသာစကားအနွယ်အ၀င် ကဗျာတွေထဲမှာတော့ Flarf လည်း အပါအ၀င်လို့ပြောလို့မယ်ထင်တယ်ဗျ ။ (သူတို့ တရားဝင် ထုတ်ပြောတာတော့ ကျွန်တော် သေချာ မဖတ်ရသေးဘူးဗျ၊ တွေ့ရင် ပြဦးဗျ) ရုတ်တရက်ဆို သူတို့ ကဗျာတွေဘယ်လိုစပ်ကြသလဲ ဆိုတာ သိသွားကြရင်၊ ကဗျာစပ်တာ ဒီလောက်ပဲ လွယ်သလားလို့ ထင်သွားကြဦးမယ်ဗျ။ အထူးသဖြင့် အင်တာနက် ဆိုတာကြီးနဲ့ အထိအတွေ့ ရှိတဲ့ လူတွေပေါ့ဗျာ။ သူတို့ အများစု က google ကနေ ရှာလို့ရတဲ့ စာသားတွေကို ဖြတ်ညှပ်ကပ်ပြီး ကဗျာစပ်ကြတယ်လို့ အကြမ်းဖျင်း ပြောကြတာကိုးဗျ။                        (လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က ထင်တယ်၊ ကျွန်တော်တို့ကို ဆရာဇေယျာလင်း Flarf ကို စပြောပြတုန်းကလည်း ကျွန်တော်တို့ မျက်ခုံး နည်းနည်းစီတော့ ပင့်ဖြစ်ခဲ့ကြသေးတာပဲ၊ ဒါပေမဲ့ မိုက်လှချည်လားဆိုပြီး ပင့်ဖြစ်သွားတာဖြစ်လိမ့်မယ်ထင်တယ်ဗျ) ဒါပေမဲ့ ဦးထိန်းလည်း သိပါတယ်၊ သူတို့ ကဗျာတွေကို ဖတ်ကြည့်တဲ့အခါ ဂျလန်း တွေဖြစ်နေတာကို သွားတွေ့တယ်ဗျ။ ပြီးတော့ flarf ကဗျာအားလုံးဟာ google-based မဟုတ်တာတော့သေချာပါတယ်။ ဒီအတိုင်းပြောရတော့ စကားက အစဉ်မမိသလို ဖြစ်နေသေးသလိုပဲ။ ကျွန်တော်တို့ LP နဲ့ PLP အကြောင်းလေး နည်းနည်းလောက်ပြန်ပြောကြည့်ကြတာပေါ့။ LP ကို ဆရာဇေယျာလင်း တင်ဆက်ခဲ့တာ ငါးနှစ်တောင်ပြည့်ခဲ့ပြီဗျာ။ ၁၉၈၀ ၀န်းကျင်မှာ စပေါ်တဲ့  LP ကို ကျွန်တော့်အနေနဲ့ စသိတာကတော့ နှစ်နှစ်၊ သုံးနှစ် လောက်ပဲ ရှိသေးတယ်ဆိုရင်တော့ ဟာသ တစ်မျိုးလိုဖြစ်နေတာ အမှန်ပဲ။ ကျွန်တော် LP ကို စသိတော့ ၁၇ – ၁၈ ပဲ ရှိဦးမယ်ဗျ။ ဆရာဇေယျာလင်း ဘာသာပြန်ထားတဲ့ ချားဘန်စတိုင်းရဲ့ ဘယ်သူ့ဘာသာစကား နဲ့ လင်းဟာဂျီးနီးယမ်း ရဲ့ ကဗျာ နှစ်ပုဒ်လောက်ထင်တယ်။ အဲဒီကဗျာတွေကို ဖတ်မိရုံနဲ့ (LP ရဲ့ နောက်ခံ သဘောတရားတွေကို မသိသေးဘဲ) ကြိုက်သွားတာကိုးဗျ။ ဒါနဲ့ စကားမစပ် ဟိုတစ်နေ့က နာဒါဂေါ်ဒွန်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်ကြရင်း သူ ကပြောတာ့ Flarf ဆိုတာလည်း သေသလိုလို ကို ဖြစ်နေပါပြီတဲ့ ။ နောက်တစ်ခု စကားမစပ် ပြောချင်တာကတော့ ကျွန်တော်ရေးနေတာတွေက Flarf မဟုတ်ပါဘူး။ အမေရိကန် LP လည်း မဟုတ်ပါဘူး။ “လိုလို” လား၊ အနွယ်ဝင် လားဆိုတာကတော့ ကျွန်တော် ကိုယ်တိုင် မသိတာပါ။ အဲဒီတော့ ကျွန်တော့်ရဲ့ (ကျွန်တော်တို့ရဲ့) လွှမ်းမိုးခံရမှုတွေဆီ နဲ့ PEM sKoOL ဘယ်လိုစဖြစ်ခဲ့သလဲဆီကို ပြန်သွားကြည့်ရအောင်ဗျာ။

ဦးထိန်းရေ . . .  အခုတစ်လော ကျွန်တော့်ကို အလွှမ်းမိုး ဆုံးသူတွေ ကိုပြပါဆိုရင်တော့ ဆရာဇေယျာလင်း နဲ့ ဆရာ မင်းခက်ရဲ ပါပဲ။ ဟိုအရင်တွေတုန်းကဆို ဆရာဇေယျာလင်းရဲ့ ကဗျာစာအုပ်တွေကို ဘေးနားမှာ ချပြီး ကဗျာတွေ ရေးဖြစ်ခဲ့သည်အထိကို လွှမ်းမိုးခဲ့တာပါ။ (ဆရာဇေယျာလင်း အနေနဲ့လည်း ကျွန်တော့်အပေါ် လွှမ်းမိုးဖို့ မရည်ရွယ်ခဲ့သလို၊ လွှမ်းမိုးနေတာကို သိရင်လည်း သူ့အနေနဲ့ ထွေထွေထူးထူးပြောစရာ ရှိမယ်လို့ မထင်ပါ၊ ကျွန်တော့်ဟာကျွန်တော် သောက်သုံးမကျပြီး ကျွန်တော့်ကဗျာတွေ သောက်ပေါထနေရင်လည်း သူနဲ့ လုံးဝ မသက်ဆိုင်တာ ဦးထိန်းလည်း အသိပါ၊ နောက်ပြီး PEM sKoOL ရဲ့ ကဗျာလာရာအကြောင်းတွေကို ကကြီး ကနေ အ အထိ နီးပါးပြန်ပြောရင်လည်း ဆရာဇေယျာလင်း ရဲ့ လွှမ်းမိုးမှုကိုချန်ထားလို့ လုံးဝ မရတာကိုလည်း ၀န်ခံရပါမယ်) ၊ အခုနောက်ပိုင်းမှာဆို (သူတို့ နှစ်ယောက်က ကျွန်တော့်အပေါ်) အရေးအသား၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ လွှမ်းမိုးမှုတွေထက် အမြင်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု ကို ကျွန်တော် က ပိုပြောချင်တာပါ။ အခြားလူတွေ အနေနဲ့လည်း ပုံတူကူးချတယ်ဆိုပြီ ဆဲဖို့ ဆိုဖို့ အတွက် လည်း မဟုတ်ပါဘူး၊ ဆဲတာ ဆိုတာ ကို ကျွန်တော်တို့ အနေနဲ့ ကြိုဆိုတောင် ကြိုဆိုပေမယ့် အမှန်ကိုပြောရရင် ပုံတူကူးချ တာလည်း မဟုတ်ပါဘူး။ အဖြစ်ကို ပြောပြနေတာ ဦးထိန်း လည်း အသိပါ။ ကျွန်တော်တို့အနေနဲ့ “ဇေယျာလင်း ဖြစ်အောင်” ကြိုးစားခဲ့ခြင်းလည်း မဟုတ်ပါဘူး လို့ လျှောက်ပြီးအကြောက်အကန်ငြင်းနေစရာလည်း မလိုပါဘူး။ ပြီးတော့ အဲဒီ လွှမ်းမိုးမှု(တွေ) တစ်ခုထဲနဲ့ ကဗျာတွေရေးခဲ့တာ မဟုတ်ပါဘူး။ အခြားသော အရာပေါင်းများစွာ က ကဗျာထဲမှာ အလုပ်လုပ်နေကြတာပါ။ မိုးဝေ – ထင်းရှုးပင်ရိပ် – မောင်ချောနွယ် – (ကျွန်တော်တို့ မသိမမှီလိုက်တဲ့အရာတွေ) ဆီကနေ      ဇေယျာလင်း – နျူးယောက်စကူး – Language အနွယ်ဝင် – အဆောက်အအုံလွန် – အခြားမီဒီယာ  တွေဘက် ရွေ့သွားတယ်လို့တော့ (ကဗျာတွေအရတော့) အကြမ်းဖျင်းပြောလို့ရမယ်ထင်တယ်ဗျ။ ကျွန်တော်တို့ မသိမမီလိုက်တဲ့ အရာတွေလို့ ပြောတဲ့နေရာမှာလည်း ကျွန်တော်တို့ သုံးယောက် (တေလေရယ်၊ လင်းရမ္မာရယ်၊ ကျွန်တော်ရယ်) နဲ့ ဦးထိန်း နဲ့တောင် ကွာနေမှာပဲ ။ ကျွန်တော်တို့ ကဗျာစဖတ်တတ်တဲ့အချိန်မှာ ဖတ်ခဲ့တာတွေနဲ့ ဦးထိန်းကဗျာစဖတ်တတ်တဲ့အချိန်မှာ ဖတ်ခဲ့တာတွေလည်း ကွာနေမှာ အမှန်ပဲဗျ။ ကျွန်တော်တို့ရဲ့ (သိမှု) တွေထဲမှာ မြန်မာခေတ်ပေါ်ကဗျာ ဟာ ထဲထဲဝင်ဝင် ရောက်ကို မရောက်ခဲ့တာကိုတော့ ၀န်ခံရမယ် ဦးထိန်းရေ။ ရှင်းရှင်းပြောရင်တော့ဗျာ၊ NY School က ဂျွန်အက်ရှ်ဘရီရယ်၊ အမေရိကန် LP ရယ်လို့ စသိတဲ့အချိန်မှာ ကျွန်တော်တို့ သုံးယောက်ဆီမှာ ဘာကဗျာ(ဗေဒ၊ ခံယူချက်) အခံမှ ထုထည်ကြီးကြီးမားမား ရှိမနေခဲ့တာပဲ။ (ကျွန်တော် ဆရာမောင်ချောနွယ်ရဲ့ ကဗျာတွေ အီးဘွတ်ခ်အနေနဲ့ ပြန်ဖတ်ဖူးတာ တစ်နှစ်ကျော်ကျော် နှစ်နှစ်လောက်ပဲရှိဦးမယ်ထင်တယ်ဗျ၊ အရမ်းဆိုးတာပဲဗျာ၊ ခေတ်ပေါ်ကို ကျေညက်နေအောင် လေ့လာသင့်တာပဲ) အဲဒီတုန်းက ကျွန်တော်တို့ အနေနဲ့လည်း ကဗျာအသစ်ဖန်တီးတယ်ဆိုတာ ရှိရင်းစွဲပင်မရေစီးကို ဝေဖန်စိစစ်ပြီး ထွက်ပေါ်လာရမယ်တို့၊ ဘာတို့လည်း၊ မသိခဲ့တာ အမှန်ပါ။ အသစ်လုပ်မယ်၊ မလုပ်မယ်ထက် အဲဒီလို အရေးအသားတွေကို ကြိုက်လို့ကို ရေးခဲ့တာပါ။ ခေတ်ပေါ်ကို သေသေချာချာ မသိခဲ့လို့ ခေတ်ပေါ် အပေါ်ကို ငြီးငွေ့ခြင်း၊ အီခြင်း တောင် မရှိခဲ့တာကိုလည်း ၀န်ခံရမှာပဲဗျ။ (အဲဒါကြောင့်လည်း အပေါ်က ရွေ့သွားခြင်းကို ပြန်ပြောရရင် ကျွန်တော်တို့ ရွေ့သွားတာ  မဟုတ်ပါဘူး။) နောက်ပြီး ကျွန်တော်တို့ ကဗျာ တွေထဲမှာ အင်တာနက် ဆိုတာကြီးရဲ့ အလုပ်လုပ်ပုံကိုလည်း မေ့ထားလို့ မရဘူးဗျ။ အဲဒါကြီးသာ မရှိခဲ့ရင် ဦထိန်းနဲ့ ကျွန်တော်နဲ့တောင် အခုလို ခင်မင်သွားဖို့ မလွယ်လှဘူးလေ။

PEM sKoOL စဖြစ်တဲ့ ပုံကတော့ ဘာမှ သိပ်မရှိတာ အမှန်ပဲ။ ကျွန်တော့်အနေနဲ့ဆို ရက်စွဲတောင် မမှတ်မိဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးလောက်တုန်းကပေါ့။ အဲဒီမတိုင်ခင်တုန်းက ကျွန်တော်က ကဗျာတွေကို အိမ်က ကွန်ပျူတာမှာပဲ ရေးတာများတယ်ဗျ။ word file တစ်ခုထဲမှာ ဒီအတိုင်းလျှောက်ရေးထည့်ထားတာဗျ။ တစ်ခါမှ မဂ္ဂဇင်းပို့ဖို့ မစဉ်းစားဖူးတာကလည်း ပျင်းတဲ့ အပိုင်းတွေလည်း ပါတာပေါ့ဗျာ။ ဘလော့မရေးဖြစ်တာကလည်း အဲဒီလိုပါပဲ။ ဘလော့တွေ လျှောက်မကြည့်ဖူးတာလဲ ပါမှာပေါ့။  ကျွန်တော်တို့ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ်ဖြစ်တဲ့ “ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်” အထဲက ကဗျာအားလုံးလိုလို ဟာ ကျွန်တော်တို့ချင်း မတွေ့ခင်ကတည်းက ရေးထားခဲ့တ့ ကဗျာတွေချည်းပါပဲ။ တစ်နေ့တော့ ကျွန်တော် planet.com.mm က ဖိုရမ်ထဲမှာ ကဗျာပြိုင်ပွဲဆိုလား၊ ဘာလား မသိဘူး။ သွားတွေ့တယ်။ အဲဒီမှာ တေလေ ရဲ့ အရေးအသားကို သွားပြီးတွေ့တာပဲ။ “ဆိုးရွားစွာ” မှာ ပါတဲ့ “ချောင်ထိုးထားသော ချောင်ထဲက ချောင်နေခြင်းများ” ထင်တယ်။ ရှင်းရှင်းပြောရရင် အွန်လိုင်းပေါ်မှာ ရေးနေကြတဲ့ ပုံစံမျိုး (အဲဒီဖိုရမ်ထဲမှာ ရေးနေကြတဲ့ ပုံစံမျိုး) နဲ့ မတူဘူး။  ရှင်းရှင်းပြောရရင်၊ ကျွန်တော် ကြိတ်ခိုက် သွားတယ်ပေါ့ဗျာ။ အဲဒါနဲ့ပဲ သူ့ဘလော့ဆီရောက်သွားတယ်။ (အဲဒီကောင်က ဖင်ယားပြီး သူ့ကလောင်အောက်မှာ သူ့ဘလော့ လိပ်စာရေးထားလို့ ကျွန်တော် သူ့ဘလော့ဆီရောက်သွားတာပဲ) သူ့ဘလော့ဆီကိုရောက်တော့ ဒီကောင်က ဖင်ထပ်ယားပြီး သူ့ ဂျီမေးကို သူ့ထပ်ရေးထားတော့၊ ကျွန်တော်လည်း လိုအပ်ချက်တွေအရ သူ့ကို add လိုက်တယ်ပေါ့။ hee ;D ပြီးတော့ ကျွန်တော် တို့ အာတွေဟဲဗီးထုကြတာပေါ့။ စကားစပြောစကတော့ ရှိန်တိန်တိန်ပေါ့။ နောက်တော့မှ အပြင်မှာတွေ့ဖြစ်တယ်။ ကျွန်တော့် ဘလော့လုပ်ဖို့ သူ ကူညီပေးတယ်။ ပြီးတော့ သူကပြောတယ် ကျွန်တော်တို့နဲ့ ပုံစံတူတဲ့ ကောင်တစ်ကောင်ရှိတယ်တဲ့။ ပြီးတော့ လင့်ခ်ပေးတယ်။ ဟုတ်တယ် . . . လင်းရမ္မာ ပဲဗျ။ လင်းရမ္မာနဲ့လည်း အွန်လိုင်းပေါ်မှာ လျှောက်ဖောကြပြီးတော့မှ တစ်နေ့ မစ္စတာဘရောင်းမှာ တွေ့ကြတာ။ ပြီးတော့ သုံးယောက် ဓါတ်ပုံတွဲရိုက်၊ “ဘာသာစကား ၏ အလုပ်ပြီးမြောက်မှု” ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို သုံးယောက်ရေးကြ။ ပြီးတော့ အမာနဲ့ ကျွန်တော်နဲ့ က အင်တာနက် ဆိုင်တစ်ဆိုင်ထဲမှာ၊ တေလေ က နောက်တစ်ဆိုင်မှာ။ ကျွန်တော်တို့သုံးယောက်ပေါင်းပြီး လုပ်မယ့် ဘလော့နာမည်ကို စဉ်းစားတာ။ ဘယ်ကနေ၊ ဘယ်လို ဖြစ်သွားလဲ မသိဘူး။ plusequalsminus ဖြစ်သွားတယ်။ (L=a=n=g=u=a=e က ညီမျှခြင်းတွေ ကြောင့်လည်း equals ဆိုတာ ပါခဲ့တာ တော့ ထင်ပါတယ်၊ နောက်ပိုင်းမှာပေါ့ အပေါင်းသည် အနုတ်နဲ့ ညီသည် ကို ရုပ်တည်ကြီးနဲ့ ကျွန်တော် ပြန်ရှင်းပြခဲ့ဖူးသေးတယ်) အဲဒီတော့ plusequalsminus ပေါ်လာတယ်ပေါ့။ နောက်နည်းနည်းအကြာ . . ကျွန်တော် မော်လမြိုင်ပြန်ခါနီးပေါ့။ နှုတ်ဆက်ပွဲလုပ်မယ်၊ ဘာမယ်ဆိုပြီး ကျွန်တော်တို့ တွေ့ဖြစ်ကြပြန်တယ်။ ပြီးတော့ အဲဒီည က အီးဘုခ်တစ်အုပ်လုပ်တော့ ကျွန်တော်က PEM ရဲ့ အနောက်မှာ ဖင်ယားပြီး sKoOL ဆိုပြီး ရိုက်ထည့်လိုက်တယ်။ နေညနဲ့ လင်းရမ္မာသောက်ကြရင်း နေည ပါ PEM sKoOL ထဲရောက်လာတယ်။  နည်းနည်းကြာတော့ PEM sKoOL ဆိုတဲ့ ဖောင့်စတိုင် က အတည်ကြီးလိုဖြစ်သွားတယ်။ ကျွန်တော် မှတ်မိသလောက်ပြောရရင် ဦးထိန်း က ကျွန်တော်မော်လမြိုင်ပြန်ပြီးမှ PEM sKoOL ဆီကိုရောက်လာတာဗျ။ ပြီးတော့ ကြက်သွန်ကြီး။ ပြီးတော့ pemskool.org ။ အဲဗမာလို ပြန်မယ်ဆိုရင် . . ပမ်ဂိုဏ်း မဟုတ်တာ တော့ သေချာပါတယ်။ non-school makes a sKoOL ပေါ့ဗျာ။ ဟဲဟဲ။ ပမ်စကူးဟာ ပမ်စကူးပေါ့။ ဘာအသင်းအဖွဲ့၊ ဘာဂိုဏ်း၊ ဘာညာကွိကွ၊ ရှုပ်ရှုပ်ရှက်ရှက်တွေ၊ ဘာမှ မဟုတ်တာ အသေအချာပေါ့ဗျာ။ (ရှိတာမှ ခြောက်ယောက်၊ အခုဆို ကြက်သွန်ကြီးကလည်း မိန်းမနဲ့ပျော်ပြီး ကဗျာမရေး၊ နေည က အစကတည်းက မရေး၊ တေလေက ဂိမ်းဆော့၊ အမာ ကေ
စ်ာနဲ့လျှောက်လည်၊  ကျွန်တော်နဲ့ ဦးထိန်းက  . . ဟဲဟဲ၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာမကောင်းပါဘူးဗျာ)  အဲ . . . ဟိုကအကြောင်းတွေ ဘက် ပြန်လှည့်ရအောင် ဗျာ။ PLP တစ်ယောက်ဖြစ်တဲ့ မတ်ခ်ဝေါလေ့စ် ပြောခဲ့တာလေးတွေကို ကိုးကားပြီး ပြောပါရစေ။ (သူတို့တွေတော့ ဒါတွေလုပ်နေကြပြီ၊ ငါတို့တွေလည်း လိုက်လုပ်ကြမယ်ဟေ့ဆိုပြီး အင်ပို့လုပ်တာ မဟုတ်ပါဘူး၊ သူတို့တွေ တော့ ဒီလို ဒီလို လုပ်သွားကြတယ် ကို ဆွေးနွေးကြည့်ရုံဖြစ်ဖြစ်ပေါ့၊ နောက်ပြီးတော့ကာ ဘန်စတိုင်းကြီးကလည်း ကျွန်တော်တို့ မြန်မာကဗျာ ရယ် အဲဒီ ပြည်ပကနေ အင်ပို့ လုပ်တာရယ်နဲ့ ပတ်သက်ပြီး (ဆရာဇေယျာလင်းရဲ့ ဆောင်းပါးအောက်မှာ) ဒီလိုပြော(ကွန်မန့်ရေး)ခဲ့သေးတာကိုး ” I think nationalism is a danger just as is internationalism. What’s happening now, via digital communication, of cross-connection of poetry is not the old import model”)

PLP အကြောင်းကို စပြောမယ်ဆိုရင် LP အကြောင်းကတော့ မပါမဖြစ်ပဲလို့တောင် ပြောလို့ရတယ်ဗျ။ LP တွေက ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်ချက် (cultural production) ရဲ့ ဆိုင်ရာပါဝါ ပို့ချမှုတွေ ကြားက ဆက်နွယ်မှုကို မေးခွန်းထုတ်ခဲ့ကြတာပဲ။ (Bourdieu လည်း အဲဒီ ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်ချက် အကြောင်းတွေ တော်တော်ပြောခဲ့တယ်ဗျ။ ဦးထိန်း မဖတ်ရသေးလို့ ဖတ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ The Fields Of Cultural Production ဆိုတဲ့ စာအုပ်တစ်အုပ်တောင်ကျွန်တော့်ဆီမှာ ရှိနေသေးတယ်။ ကြုံရင်ပို့လိုက်မယ်ဗျို့။ ကျွန်တော်ကတော့ ဟိုလှန် ဒီလှန်လောက်ပဲ လျှောက်လုပ်ရသေးတယ်ဗျာ။ ပြောရရင်တော့ဗျာ ယဉ်ကျေးမှု(တွေ) အတွင်းမှာ အလုပ်လုပ်၊ လည်ပတ်နေတဲ့ စံ တွေ ကို ယဉ်ကျေးမှုဆိုင်ရာထုတ်လုပ်ချက်လို့ အကြမ်းဖျင်းတေးထားလို့ရမယ်ထင်တယ်။ ကျွန်တော်လည်း ဟိုတစ်နေ့ က ဆရာ ဇေယျာလင်းနဲ့ အဲဒီ cultural production အကြောင်းပြောဖြစ်ကြတယ်။ သူလည်း အဲဒီအကြောင်းဆောင်းပါတစ်ပုဒ်ရေးမယ် တဲ့။ သူ့ဆောင်းပါးကျမှပဲ ပြည့်ပြည့်စုံစုံ ဖတ်ကြတာပေါ့ ) အဲဒီလို မေးခွန်းထုတ်တယ်ဆိုတဲ့နေရာမှာလည့်း တစ်ယောက်နဲ့တစ်ယောက် မေးခွန်းထုတ်ပုံခြင်း မတူခဲ့ကြဘူးဗျ။ Charles Bernstein, Lyn Hijinian, Ron Silliman, Leslie Scalapino တို့ကျတော့ လူသိများပြီး၊ သူတို့လိုပဲ လန်းကြတဲ့ Joan Retallace, Carla Harryman, P. Inman, Nick Piombino . . . . တို့ကျတော့ အရှေ့ကလူတွေလောက် လူသိမများခဲ့ကြဘူးလေ။ LP လို့ ပြောမယ်ဆို ဘယ်သူ့ LP လဲ လို့ ပြောရမှာ အသေအချာပဲ။

LP တွေက ဘာသာစကားကို ပါဝါ ရဲ့ ဆယ်နွယ်မှု တွေက တည်ဆောက်ထားတာလို့မြင်တာ။ ဘာသာစကားဆိုတာ ဘုရားသခင်ဖန်ဆင်းလိုက်တာ မဟုတ်ဘူး၊ သဘာဝအတိုင်း သူ့ဟာသူ ပေါ်လာတာ မဟုတ်ဘူး၊ တည်ဆောက်ထားကြတာ လို့ မြင်တာ။ ( သူတို့အများစုက ဘာသာစကားကို အဆောက်အအုံ အလွန်ကနေ လှမ်းကြည့်တာ)  ပြီးတော့ literary သီဝရီ တွေက LP တွေရဲ့ ကဗျာနဲ့ ကဗျာဗေဒဆိုင်ရာတွေမှာ အဓိကကျတဲ့ နေရာ ကနေကို အလုပ်လုပ်ခဲ့တာ။ အရင်တုန်းက လူတွေ သီဝရီ နဲ့ ဝေဖန်ရေး တွေကို ဒုတိယ နေရာ ကို ပို့ထားတာ၊ ပြန်လည်ဖော်ပြဝေဖန်  တဲ့ နေရာမှာပဲသုံးတာ၊ တန်ဖိုးဖြတ်ဝေဖန်ရေး တွေနဲ့တော့ တော်တော်ကွာခြားခဲ့တာတော့ အမှန်ပဲဗျ။ (စာပေဝေဖန်ရေး က အရင်ပေါ်တာ၊ ပြီးမှ စာပေသီဝရီ ပေါ်လာတာ၊ ကျွန်တော်ပြောတာ ဟိုမှာနော်) LP တွေက အခြေခံ သဒ္ဒါအဆောက်အအုံတွေ ကိုက အနောက်လူ့အဖွဲ့အစည်းရဲ့ ပါဝါ အဆောက်အအုံပုံစံတွေကို အထောက်အပံ့ပေးနေတယ်လို့ မြင်ခဲ့တာ။ LP တွေက သူတို့ဆီက အစဉ်အလာ ကဗျာအမျိုးအစားတွေဟာ သူတို့ အနောက်တိုင်း တန်ဖိုးစံ တွေကို ထင်ဟပ် နေတာကိုလည်း ထောက်ပြခဲ့ကြတာ၊ ဦးထိန်းလည်း အသိပဲဗျ။ သူတို့က သူတို့ဆီက ရှိရင်းစွဲကဗျာဆိုတာကို အိုင်ဒီယိုလော်ဂျီ ကန့်သတ်မှုတွေနဲ့ (အနောက်ယဉ်ကျေးမှု) အရေးအသားတွေရဲ့ ပါဝါလွှမ်းမိုးမှုကနေ ကြိုးကိုင်နေတယ်လို့ မြင်တာဗျ။  ရှိရင်းစွဲ ကဗျာတွေအပေါ် ဟဲဗီးမေးခွန်းထုတ်ခဲ့ခြင်းတွေပဲပေါ့ဗျာ။ အဲဒါကြောင့်လည်း အဲဒီခေတ်တုန်းက သူတို့ဆီမှာတောင် LP ဘဲ တွေက ဖောက်ပြန်ရေးသမားတွေလိုလို၊ ဘာလိုလို နဲ့ ကန့်လန့် ကန့်လန့် ကြီးတွေ နဲ့ မိုက်ကြည့်တွေ ခဏခဏ အကြည့်ခံခဲ့ရတာတွေ ဖြစ်ခဲ့ရတာပဲဗျ။

သူတို့က အစဉ်အလာပုံသဏ္ဌန်တွေ၊ လစ်ရစ် အမျိုးအစားကဗျာတွေ၊ ညီညွတ်အတ္တ တွေ၊  လွယ်ကူရိုးရှင်းတဲ့ အရေးအသားတွေ ၊. . အားလုံးကို ဆောင့်ကန်ထုတ်ပစ်ခဲ့ကြတာဗျ။ သူတို့ အဲဒီ ဆောင့်ကန်ထုတ်မှုတွေကို လုပ်တဲ့ နေရာမှာလည်း သူတို့ရဲ့ သီဝရီ ရှုထောင့်ကနေကြည့်ရင် မှန်နေဖို့အတွက် အဲဒီဆောင့်ကန်ထုတ်ထားတဲ့ အရာတွေဟာ ကဗျာတွေ အနေနဲ့ မလုပ်/မထည့်သွင်း သင့်ဘူးလို့ ကို ယုံကြည်ကြတာ။ အမေရိကန် LP ဟာ တော်တော်ကြီးကို ကြမ်းခဲ့တာ အမှန်ပဲ။ သူ့ကို ဖတ်ဖို့အတွက် post-structuralism , deconstruction တွေကို အနည်းဆုံးတီးမိခေါက်မိ သိထားရမလိုကို ဖြစ်ခဲ့တာလို့ ပြောရမယ်။ (စကားမစပ်ပြောရရင် ဆရာမင်းခက်ရဲပြောခဲ့၊ ရေးခဲ့တဲ့ post-structuralism အကြောင်းတွေကို ကျွန်တော် တော်တော်သဘောတွေ့ခဲ့တယ်ဆိုတာပါပဲ။ သူ့အနေနဲ့ post-structuralism , deconstruction  ကို ဒီထက်ပိုပြီး စာအုပ်အနေနဲ့ ဖြစ်ဖြစ် ရေးပေး၊ ပြောပေးနိုင်ရင် ကျွန်တော်တို့ အတွက် ပိုပြီး အကျိုးများမယ်လို့ မျှော်လင့်ရပါတယ်)    PLP တွေ အနေနဲ့ကတော့ LP တွေရဲ့ ဘာသာစကားအမြင်အပေါ် ဆက်ပြီးအခြေခံတယ်လို့ပြောရမယ်။ (အားလုံးတော့ မဟုတ်ဘူး) ဘာသာစကားအဆောက်အအုံနဲ့ ယဉ်ကျေးမှု ထုတ်လုပ်ချက် တွေဟာ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိပြီး၊ သူတို့က ဘာသာစကား ဟာ ပါဝါ ရဲ့ ဆက်နွယ်မှုတွေက တည်ဆောက်ထားတာလို့ပဲ ဆက်မြင်တာ။ ပြီးတော့ ဘာသာစကားနဲ့ အစစ်အမှန်တရားအပေါ် ချည်းကပ်လို့ မရဘူးလို့လည်း မြင်တာဗျ။ (ဘာသာစကားဟာ အစစ်အမှန်ဘ၀ ကို မထင်ဟပ်နိုင်ဘူး)  PLP တွေနဲ့ literary သီဝရီ တွေ ရဲ့ ဆက်နွယ်မှုဟာ LP တွေနဲ့ စာရင် ကွဲပြားသွားတာတော့ အမှန်ပဲ။

LP တွေ ပေါ်လာတဲ့ အချိန်တုန်းက literary သီဝရီဆိုတာက ဘေးထုတ်ခံထားရတဲ့ discourse တွေပဲ။ သူတို့က ဘာသာစကားနဲ့ ယဉ်ကျေးမှု ထုတ်လုပ်ချက် ရဲ့ကြား ဆက်နွယ်မှု ကို  မေးခွန်းထုတ်ခဲ့ကြတယ်။ အဲဒီလို မေးခွန်းထုတ် စိစစ်ခဲ့ခြင်းအပြုအမူကိုက အဲဒီတုန်းက အကယ်ဒမစ် discourse တွေနဲ့ ရှိရင်းစွဲကဗျာ တွေက လျစ်လှူရှုပိတ်ပင်ထားခဲ့တာတွေပေါ့။ သူတို့ထက် အသက် ၁၀ – ၃၀ လောက် ငယ်တဲ့ PLP တွေအတွက်ကတော့ အဲဒီ literary သီဝရီ တွေ ကိုယ်နှိုက်ကိုက အကယ်ဒမစ်တွေရဲ့ လွှမ်းမိုးကြီးစိုးနေတဲ့ discourse တွေနဲ့ literary ဆိုင်ရာ ပါဝါတွေ ဖြစ်နေသလို ကို မြင်လာကြတာ။ အဲဒီ သီဝရီတွေကို သူတို့ကဗျာတွေအတွင်းမှာ ဟဲဗီး အလုပ်လုပ်စေခဲ့တာဟာ LP တွေအတွက် ဆန့်ကျင်တော်လှန်ခဲ့တဲ့ အပြုအမူဖြစ်ပေမဲ့ PLP တွေ အတွက်ကတော့ တစ်ခါတစ်လေ ၀န်ထုပ်ဝန်ပိုးပုံစံမျိုး ဖြစ်နေတတ်ကြတယ်။ literary သီဝရီတွေကို သူတို့က အကယ်ဒမီတွေရဲ့ လွှမ်းမိုးကြီးစိုးနေတဲ့ ပါဝါ အဆောက်အအုံ လို့မြင်ပြီးတော့ သူတို့ ရဲ့ နောင်တော်တွေက အာဗန်ဂါဒ့် (avant-garde) ဆိုတာ ဒီလိုဖြစ်ရမယ်လို့ ပြဋ္ဌန်းသွားတယ်လို့မြင်ကြတာ။ ဒါပေမဲ့ literary သီဝရီတွေဟာ သူတို့ ကဗျာတွေရဲ့ အဓိက နေရာကနေ အလုပ်လုပ်တုန်းပဲလို့ ပြောရမယ်ဗျ။ သူတို့က အဲဒါတွေကို မသေချာမရေရာပြီး ရင်မောတဲ့ အကြည့်ပြဲပြဲကြီးတွေနဲ့ ကြည့်တတ်လာကြတာကလွဲလို့ပေါ့။

နောက်ပြီး PLP တွေက LP တွေ ဆောင့်ကန်ထုတ်ပစ်ခဲ့တဲ့ အမျိုးအစား တွေ၊ ပုံသဏ္ဍန် တွေကို ပြန်သုံးလာကြတယ်။ narrative တွေ၊ လစ်ရစ် တွေ၊ ဘာသာတရားဆိုင်ရာတွေ၊ LP တွေက မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ကဗျာဆိုင်ရာ အရေးအသား  . . . တွေပေါ့။ Lisa Jarnot, Liz Willis, Peter Gizzi, Jennifer Moxley, Mark Wallace, Joe Ross, Jefferson Hansen, Juliana Spahr  . . . အစရှိတဲ့ post – language poet တွေ ဆို အဲဒီ LP တွေ တွေ ဆောင့်ကန်ထုတ်ပစ်ခဲ့ကြတဲ့ အရာတွေထဲက တစ်ခုဖြစ်ဖြစ်၊ အများကြီးပဲ ဖြစ်ဖြစ် သူတို့ကဗျာတွေထဲ ပြန်ခေါ်ခဲ့ကြတာပဲ။ ဒါပေမဲ့ အဲဒီလို ပြန်ခေါ်ခဲ့ကြတဲ့ ဆိုတဲ့ နေရာမှာလည်း၊ ဟိုအရင် က အမေရိကန် ပင်မရေစီး ကဗျာ တွေဆီကို ပြန်သွားခဲ့ကြတာ မဟုတ်မှန်း၊ ဦးထိန်းလည်း အသိပဲဗျ။ အဲဒီ ရဲ့ ရလဒ်ကတော့ LP တွေ စိတ်မ၀င်စား၊ မေးခွန်း မထုတ်ဖြစ်ခဲ့တဲ့ အပိုင်းတွေ ကို ပြန်လည်မေးခွန်းထုတ်ခြင်းနဲ့ LP တွေရဲ့ မေးခွန်းတွေကို ချဲ့ထွင်လိုက်ခြင်း တစ်မျိုးပဲဗျ။ နောက်ပြီး စကားမစပ်ပြောရရင် LP တွေရော ၊ PLP တွေရောက Bob Grumman ပြောခဲ့တဲ့ pluralaesthetic (ဗမာလို ရသဗေဒနယ်ပယ်ဝတ်မှုန်ကူးခြင်း ထင်တယ်၊ သေတော့မသေချာဘူး၊ မှားရင် ဦးထိန်းပဲ ပြင်ပေးဦးဗျို့) ကို စိတ်ဝင်တစား ဖြစ်ခဲ့ကြတာပဲ။ ဘာသာစကား အသုံးမပြုတဲ့ အနုပညာတွေဖြစ်တဲ့ visual art တို့၊ ဂီတ (တီးလုံးသာပါတဲ့ ဂီတ) တို့နဲ့ ဘာသာစကား အနုပညာ နဲ့ ကို ချိတ်ဆက် အသုံးပြုခြင်းကိုပေါ့။

PLP တွေ LP နဲ့ မတူတဲ့ အချက်က PLP တွေအများစုမှာ ဒေသအလိုက် အထာကွဲပြားမှု လေးတွေ  ပါလာတယ်လို့ ဆိုရမယ်ဗျ။ LP တွေအများစုက New York နဲ့ San Fracisco မှာသာ အများဆုံးရှိခဲ့တာကိုး။ Washington, Toronto နဲ့ ကနေဒါ က Vancouver ) မှာလည်း ရှိတော့ ရှိခဲ့ကြတာပေါ့လေ။ အဲဒီလို PLP တွေမှာ ဒေသအလိုက် အထာကွဲပြားမှုလေးတွေ ရှိတယ်ဆိုတာကလည်း PLP တွေအနေနဲ့ LP တွေထက် ပတ်ဝန်းကျင် ရိုက်ခတ်မှုသဘောတရားပုံစံတွေ ပိုရှိခဲ့တယ်လို့ ဆိုချင်တာ ဦးထိန်းရ။ အဲဒီလိုဆိုတော့ PLP တွေက ကွဲပြားခြားနားတဲ့ပတ်ဝန်းကျင်အမျိုးမျိုးက ဖြစ်နိုင်သွားတာပေါ့။ ဥပမာ ပြောရရင် New Orleans ကလည်း ဖြစ်နိုင်သလို၊ Oklahoma ကလည်း ဖြစ်နိုင်သလို၊ ဟာဝိုင်ယီ၊ ရန်ကုန်၊ မော်လမြိုင်၊ သန်လျင်၊ ယုဇန၊ သာကေတ  . . . အကုန်ကနေ ဖြစ်နေနိုင်တာပဲဗျ။ hee  . . . အဲဒီအတွက်ကြောင့်လည်း အမေရိကန်ကမ်းရိုးတန်းမြို့ပြသားတွေထက်စာရင် ကွဲပြားခြားနားနေတဲ့ ပတ်ဝန်းကျင် ရိုက်ခတ်မှုသဘောကို တွေ့ရတာပေါ့။ PLP တွေက ကဗျာ ကနေ  လွှမ်းမိုးကြီးထွားနေတဲ့ အစဉ်အလာတွေ နဲ့ နေရာဒေသတစ်ခုထဲမှာရှိနေတဲ့ အဲဒီဒေသဆိုင်ရာ လွှမ်းမိုးရိုက်ခတ်မှု ကြားက ဆက်သွယ်မှုတွေကို လေ့လာရှာဖွေစိစစ်ကြည့်ကြတယ်ဆိုတာကလည်း ဘောင်တွေကို ရိုက်ချိုး / ဖွင့် ခြင်းတစ်မျိုးဆိုတာ ဦးထိန်းလည်း အသိပဲဗျ။ ဥပမာအနေနဲ့ပြောရရင်တော့ဗျာ Jessica Freeman တို့လို (အမေရိကန်) တောင်ပိုင်းဘက်က ဘဲတွေဆို တောင်ပိုင်း စာပေ နဲ့ ဂီတ တွေကို သူတို့ စိတ်ကြိုက် ပြန်လုပ်ပစ်ခဲ့တွေလည်း ရှိခဲ့တယ်ဗျ။ Texas blues ဂီတ ဒါမှမဟုတ် ခေဂျန်(Cajun) ဂီတ နဲ့ (ပေါင်းစပ်ပြီး) cross language poetry ဆိုပြီးတော့လည်း လုပ်ခဲ့ကြတာကိုးဗျ။

အဲဒီလို နေရာဒေသအလိုက်ထွေပြားခြားနားခြင်း (geographical diversity) နဲ့အတူ လိုက်လာတာကတော့ လိင်သဘော ထွေပြားခြားနားခြင်း (gender diversity) နဲ့  ယဉ်ကျေးမှု ထွေပြားခြားနားခြင်း (cultural diversity) တွေပဲဗျ။ အခြားနေရာတွေမှာ ထက် လိင်သဘော ထွေပြားခြားနားခြင်း ဟာ စမ်းသပ်ဆဲ ကဗျာ ဆက်စပ်ဝန်းကျင် ထဲမှာ ပိုပြီး ဖြေရှင်းရခက်ပေမဲ့လည်း LP ထဲမှာရော၊ PLP တွေထဲမှာ ကဗျာဆရာရော၊ ကဗျာဆရာမတွေရော အကုန်ပါနေကြတာပဲ။ (ကျွန်တော့်အထင် ဂေးတွေပါပါလိမ့်မယ်) PLP တွေအနေနဲ့ကတော့ LP တွေနဲ့ယှဉ်လိုက်ရင် ပိုမို ကျယ်ပြန့်တဲ့ ယဉ်ကျေးမှုတွေရဲ့ထွေပြားခြားနားမှုကို ဖွံ့ဖြိုးစေခဲ့တယ် လို့ပြောရမှာပဲ ဦးထိန်းရ။ (LP တွေမှာလည်း ထွေပြားခြားနားမှု မရှိမဟုတ်၊ ရှိခဲ့ပါတယ်) PLP တွေက LP တွေထက် အရေအတွက်အားဖြင့်လည်း ပိုများခဲ့တဲ့အတွက် ၊ ယဉ်ကျေးမှု ထွေပြားခြားနားမှု ဟာ လည်း သူတို့ (PLP တွေ) ဆီမှာ ပိုများနေမှာ အမှန်ပဲဗျ။ ယဉ်ကျေးမှု တစ်ခုအတွင်းမှာ ရှိနေတဲ့ identity politics တွေရဲ့ အလုပ်လုပ်ပုံ တွေကို  ဟိုက်လိုက် လုပ်ပြ ခဲ့ကြတဲ့ PLP တွေအများကြီးရှိလာခဲ့ကြတယ်ဗျ။ သူတို့တွေက identity politics တွေရဲ့ အကန့်အသတ်တွေ ကို စိစစ် ဝေဖန်ခဲ့ရုံမကဘဲ၊ ယဉ်ကျေးမှုဘောင်တွေကိုပါ ရောယှက် ဖျက်စီး ကြည့်ဖို့ ရည်ရွယ်လာခဲ့ကြတာကို ဦးထိန်းလည်း အသိပဲလေ။ ကျွန်တော်တို့ ပြောပြောနေကြတဲ့ Tan Lin ကြီးတို့အပြင်၊ Susan Schultz၊ Rodrigo Toscano၊ Myung Mi Kim၊ Bob Harrison  . . .  (နောက်ရှိသေးတယ်) . . . သူတို့ဆို လည်း cultural identity အနေနဲ့ ကဗျာရေးခြင်း အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိနေစေတဲ့ အရာ တွေကို လေ့လာစိစစ်ကြည့်ခဲ့ကြတာကိုး ဗျ။ (အချို့အင်္ဂလိပ်စကားတွေကို ဗမာလို မပြန်တတ်လို့ ဒီအတိုင်း သုံးထည့်လိုက်တာပါ၊ ကျွန်တော် ဗမာမှုပြုလိုက်တာထက် အင်္ဂလိပ်လိုက ပိုပြီး လွယ်မယ်လို့ ထင်တာလည်း ပါပါတယ်၊ အချို့ အင်္ဂလိပ်စာလုံးတွေကို ဗမာမှု ပြုတဲ့ နေရာမှာလည်း ကျွန်တော့် စိတ်ထဲမှာ ရှိနေတာကိုသာ ရေးလိုက်တာပါ၊ အရင်က ဖတ်ဖူး၊ မှတ်ဖူးခဲ့တာတွေလည်း ဖြစ်ရင် ဖြစ်နိုင်ပါတယ်၊ နေရာမကျဘူးလို့ ဦးထိန်းထင်ရင်လည်း ပြင်ပေးဦး ဗျ)

identity politics ဆိုတာ လူနည်းစုတွေရဲ့ ယဉ်ကျေးမှုအတွင်းမှာ အလုပ်လုပ်လည်ပတ် နေတဲ့ သူတို့ရဲ့ ကိုယ်ပိုင် အမှတ်အသားတွေလို့ ပြောမယ်ထင်တယ်ဗျ ။ အတိုချုံးပြီး ပြောရမယ်ဆိုရင်တော့ လူနည်းစုဆိုင်ရာ လွှမ်းမိုးမှုသဘောလို့ ပြောလို့ရမယ်ထင်တယ်ဗျ။ ဂီတ ဘက်မှာဆိုရင်တော့ Hip Hop တို့၊ Punk တို့ ဟာ identity politics သဘောကိုထင်ဟပ်စေခဲ့တာပဲ။

ကျွန်တော်လည်း ကျောင်းစာတွေ လုပ်ရဦးမယ်ဗျ။ အဲဒီတော့ ဒီစာကို ဒီနားမှာ ခဏလောက်ရပ်ထားလိုက်မယ်ဦးထိန်းရေ။ မှားနေတာတွေ၊ ဘ၀င်မကျစရာတွေ တွေ့ရင်လည်း ပြန်ပြောဖို့ မမေ့နဲ့နော်။

လင်းနီညို

အသည်းများလည်း ထိပါသလေ

ပြည့်ဝ အဓိပ္ပါယ်တွေ နဲ့ ရွဲနစ်နေတဲ့ ပန်းကန်ထဲကို ဇွန်း နဲ့ ဖိချ ဖိချ လိုက် တော့

အချို့ လူတွေ ဝေ့တက် ဝေ့တက် လာတယ်

အရက်ခွက်ကို အားပြင်းပြင်းနဲ့ ခုံပေါ်ဆောင့်ချလိုက်တော့

သူမော့ကြည့်တယ်။

မဟုတ်ဘူး၊ ဇွန်းနဲ့ ဖိချ လိုက်တဲ့အခါ

တကယ် ဝေ့၀ိုက်တက်လာရမှာ အဓိပ္ပါယ်တွေ မဟုတ်ဘူးလား

 

အဓိပ္ပါယ်တွေ ဘယ်ရောက် ကုန်ကြပြီလဲ . . .

 

ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး၊ စော်တစ်ပွေ

အဖော်အချွတ်တွေ ဘာမှ မပါ၊ မြန်မာ မိန်းကလေး တစ်ယောက်ရဲ့

ကျက်သရေ မင်္ဂလာအပြည့်ရှိတဲ့ ၀တ်စုံ အပြည့်ကြီးဝတ်ပြီး၊ ကားအလန်းမောင်းနေတဲ့

တောင်ရှည်နဲ့ ဘဲကို blow job ပေးသွားတာကို ဘတ်စ်ကားအမြင့်ပေါ်ကနေ လှမ်း မြင်လိုက်ရသလို၊

သြော်. . မောင့်အပေါ်ဝယ်  . . ဂုဏ်ရည်မတူလို့လား . .

ရွှေစပယ်ဖြူ  . . ပန် ချင်သူ က များ . .

ဟဟား . . .

အလျှံ ညည်းငြီး အလုံးကြီး၊ အကောင်ကြီး အနောက်မှာ

ဟစ်တလာ တစ်ယောက်

ပြန်လည် အသက်ဝင် လာ၊

လူတွေ လမ်းမပေါ် ဖိတ်ကျ လာလိုက်ကြတာ . .၊ ကြတာ၊

ဟစ်တလာ ကို ဘယ်ကောင်မှာ စောက်ဖက် မလုပ်ကြတော့ဘူး၊

ပြီးတော့ ဟစ်တလာ ကို တက်နင်း ဆာတေးလုပ်ပစ်ပြီး၊ (ခွေးကျွေးပစ်ပြီး) အော်ဟစ်ပြီး ဆက်လက် ချီတက်သွား

ကြတယ်

ခေတ်ကြီးဟာ ပြောင်းခဲ့ပြီ

 

ဆိုတာတကယ်ရော ဟုတ်ရဲ့လား . . .

 

ဟစ်တလာ ကြီး ကို ခွေးစားသွားတာကို ဘယ်သူမှ မအံသြကြဘူးဆို တာ ထားဦး၊

ဟစ်တလာ ပြန်လည် အသက်ရှင်ထမြောက်လာတာကို တောင်မှ

ဘယ်သူမှ ထူးပြီး အံ့သြမနေကြတော့ဘူး . .

ရေသန့်ဘူးထဲမှာ ဘုရားပုံတွေ၊ ဘာတွေ တွေ့တယ်ဆိုတာလောက်တောင်

မအံ့သြကြတော့ဘူး၊

 

ထူးတယ်ဆန်းတယ် ဆိုတာ မင်းတို့အတွက်ဘာကောင်းသလဲ

 

လို့တောင် လုပ်လိုက်ကြသေး

ဟုတ်တယ်၊ ယဉ်ကျေးမှု ထိန်းချုပ်ခန်းတွေကပဲ အားကျမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ horny point တွေ က အစ

ပုံသွင်းတာပဲလေ၊ အခန်းတွေ အခန်းတွေ . .  အ၀တ်စ လွင့်ပုံတွေ

တို့လည်း အားကျ လိုက်တာ လို့ ခင်ဗျား လျှောက်အော်မနေနဲ့၊

ဟိုမှာ လာနေတာ၊ ကျွန်မတို့ကို ကူညီ ဖို့မဟုတ်ဘူး၊ ၀ုန်းမလို့၊

ချစ်လိုက်တာကွယ်၊

 

မဟုတ်ဘူး၊ လူတွေရဲ့ ပါးစပ်ဖျားက ဘုရားစာ

ကျွန်မ မယုံဘူး၊

အမှန်တရားကို ကိုယ်စားပြုမယ့် ကဗျာဆရာ လုပ်မယ့်

အစား၊

ရပ်ကွက်ကို ကိုယ်စားပြုပြီး သင်္ကြန်ယိမ်းကလိုက်တာကမှ

အလုပ်ဖြစ်ဦးမယ်၊

ဟုတ်တယ်၊ ကင်မရာ မှန်ဘီးလူးထဲ တိမ်တွေကြားထိုးထွင်းပေါ်လာတာ၊

ခင်ဗျားရဲ့ မပြအပ်တဲ့ အလှတရား ကြီးပေါ့၊

နာမည် ကိုလည်း ခင်ဗျားတို့ မှတ်ထားကြ

ဘာလဲ

ချီးပန်းနေတဲ့ ရဲဘော်တွေကို လူတန်းစား ရန်သူအဖြစ်

သတ်မှတ်လိုက်ရမှာလား ရဲဘော်

ကားဗီယား ငါးဥ ဟာ ဘုံစနစ် ထဲမှာ အထက်လိုအပ်ချက်ဖြစ်သွားတယ်

 

ဆိုပဲ

 

“အမှန်ကို မှ မသိပဲနဲ့၊ လိမ်လို့မရနိုင်ဘူး” (နစ်ရှေး၊ ထင်တယ်)

 

အင်း အမှန်ကို မသိရင်၊ လိမ်လို့မရဘူး၊ လုံးတုတ် လို့ပဲ ရနိုင်မယ် (ကျော်ဖြူ၊ ထင်တယ်)

 

အဲဒါဟာ မမျှမတ ချမ်းသာကြွယ်ဝ ခြင်းရဲ့

လမ်းထိပ်က အုတ်ခုံမှာ လက်ရေးစုတ်နဲ့ အားနားပါးနာ ရေးထားတဲ့

ဆောင်ပုဒ်ကဗျာ ပဲ၊ မျှမျှတတ ဆင်းရဲခြင်းကို ဘယ်သူ အမွေပေးလို့

ဘယ်သူက ယူရမှာလဲ၊ လာပြန်ပြီ

အဲဒီ . . ပိုဝက်စထရိုနော့  . .

 

 

ဟုတ်တယ်၊ ခွာထုတ်ပြီးကာစ

လောကကြီးမှာ ပိန်ဆေးရာ တွေ ဗရပွ နဲ့ . . .

ဟုတ်တယ်၊ အချို့လူတွေမှာ ဝေ့၀ိုက်တက်လာစရာ အဓိပ္ပါယ်ကို မရှိတာ . .

မဟုတ်ဘူး၊ သော့ကွင်းထဲမှာ လည်နေတဲ့ဂြိုလ်ခွင်

ကြည့်ပြီး ထပ်ကြည့်စရာမလိုတော့တဲ့

ရုပ်ခွင်  . . ခင်ဗျားပဲဖြစ်ဖြစ် စ ရိုက်ကြည့်ပါလား

ဖောက် တာတွေဟာ

 

ဘောင်ကျော်လာတဲ့နောက် . .

ဖောက်တာတွေဟာ တန်ဖိုးပိုမြင့်တက်လာတယ်

ရုပ်ခွင် ထဲ က ရုပ်ရှင်

 

လင်းနီညို

ဆင်ခြင်သိ၊ ဆိတ်မျက်ကွင်း၊ ဆတ်ပေါင်ခြောက် နှင့် ကျွန်မရဲ့ဘကြီးအောင်

 

 

ဘကြီးအောင်…

 

ရှင်ကြီးကို ကျွန်မ မချစ်ဘူး

 

ဗုံးခိုကျင်းတွေထဲ ၀င်ရောက်သွားကြသလို

 

ရှင့်ကိုဘယ်သူမှ ဘယ်တော့မှ မတွေ့ကြရတော့ဘူး

 

ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဘယ်သူကို လွှဲပြောင်းလှူဒါန်းသွားတာလဲ

 

အမြင့်ဆုံးကျကျ နေရာမှာ ကစားပြနေတာ ကနေ

 

ရှင် မင်းသားကြီးမဖြစ်ရလို့

 

ပတ်မကြီး ကို ထိုးထိုးခွဲခဲ့တာလည်း များပြီ၊ များခဲ့ပြီ

 

မြေဖြူနဲ့ ခြစ်၊ ဘောဖျက်နဲ့ ဖျက်ရ တော်ရောပေါ့

 

အငြိမ့်မင်းသမီးဆိုတာ ကတုန်းသာ စင်ပေါ်မှာ

 

ပွဲပြီးရင် လူတကာအောက် ဝမ်းလျားမှောက်ရတဲ့ ဘဝပါ

 

 

 

ဘကြီးအောင်…

 

ရှင် ဘူးသီးမှ အရီးတော် ခဲ့တဲ့ ဇာတ်လမ်းတွေ နှယ်

 

ထမင်းစားရေသောက် ဒုနဲ့ဒေး ရယ်၊

 

သို့ပေတဲ့ အမိုးအကာကို ပြန်ပြင်ဖို့ လိုနေတယ်

 

အောင်မာ လေးလေ လေးလေ လို့

 

အခုတော့လည်း

 

ဘူးမသီးတော့တဲ့ ကျွန်မ ရင်ခွင် ကက်ဘိနက်နက်ထဲဆီက

 

မှောင်တယ် ဆိုပြီးတော့မှ

 

စင်ဟောင်းကလေး တောင် ရှင် ပြန်မဖြိုသွားခဲ့တော့တာ၊

 

လမ်းဟောင်းကလေးတောင် ရှင် ပြန်ပြန်မလျှောက်တော့တာ၊

 

ဒါပေတဲ့ ကွင်းဆက်တွေ အားလုံးဟာ ဇာတ်လမ်းတစ်ပုဒ်လို

 

ဇာတ်ကြမ်းတစ်ပုဒ်လို ဖက်ကြမ်း အုပ်ဖို့ မလိုတော့ပါဘူး

 

ဘယ်နေရာစိုစို ဘယ်လိုပင်ရွှဲရွှဲ

 

ရောဂါထတာကို ခဏဖယ်ထားပြီး

 

ရှင် ပရော်ဖက်ရှင်နယ် မဆန်မှုမျိုးတွေ အများကြီးရှိခဲ့ဖူးတယ်

 

 

 

ဒါပေတဲ့

 

စိတ်လိုလက်ရ

 

အရှင်လတ်လတ် ရှင်ဖြိုခဲ့တဲ့ ကျွန်မရဲ့

 

တိမ်တိုက်ကြီးတွေ ခမျာ ငွေ့ရည်လည်းမဖွဲ့၊

 

စိုလည်း မစွတ်နိုင်တော့ပါဘူး၊

 

ကျွန်မ ရဲ့ မြစ်မ ကြီး ခမ်းခြောက်သွားခဲ့ရတာ၊

 

ရှင့်ကြောင့် ပေါ့

 

တကယ်လွတ်လပ်တဲ့ ကျင့်ဝတ်ပိုင်းအရ

 

ကျွန်မမှာ ရွှဲစရာဆိုလို့ မျက်ရည်ပဲ ကျန်တော့တယ်

 

“စိတ်မလို ခြေထောက်ရ” ဆိုသလို ရှင် ခြေစုန်ကန်ခဲ့ပြီလား ရှင်ရယ်

 

ဒီအချိန် ၊ ဒီမိုးကုတ်စက်ဝိုင်းမှာ

 

ဝတ္တရားအရ အပစ်ခံရတော့

 

ကျွန်မ ၀က်အူရစ်တွေ ပြုတ်ထွက်မတတ်ပဲ ရှင်ရယ်

 

 

 

ဘကြီးအောင်…

 

ရှင့်ကို ကျွန်မ မုန်းတယ်၊

 

မ ခင်မှ ဥ ခင် ဆိုသလိုကို

 

ရှင့်ကို ကျွန်မ စောက်တလွဲ အလင်္ကာ တွေနဲ့ ခင်တွယ်ခဲ့တာတွေ

 

နေလုံးကြီးတွေဟာ ကိုင်တွယ်မှုကြောင့် ကြီးလာတယ် ပိုပူပြင်းလာတယ်

 

နယ်စည်းမခြားဘဲ စည်းမခြားဘဲ နယ်

 

အဲ့လိုများ ကျွန်မ သုံးနှုန်းခဲ့မိမလားပဲ

 

ပွန်းရ ပဲ့ရ သော်လည်း စာဖွဲ့အပ်သော အပြစ်ကြီးဟာ ရှင်ပါ

 

အခုတော့ ရှင့်ရဲ့ အမဓါတ် တွေဟာ

 

ရှင့်ရဲ့ ဥ ထဲ နေ စိမ့်ထွက်လာနေပါရော့လား

 

ဒီနေရာမှာ သူတို့တွေက  မြေဇာပင်ဖြစ်ရတာလား?

 

ဟုတ်တယ်၊ ဘကြီးအောင်

 

ရှင့်ရဲ့ အဖိုဓါတ် နဲ့ ထုဆစ်ထားခဲ့ ရွှေရုပ် ကလေး

 

ကျွန်မ မလိုချင်တော့ဘူး

 

မိအေး နှစ်ရုပ်ပေး ကတိမျိုးတွေလည်း ထပ်ထပ်မပေးနဲ့တော့

 

 

 

ဘကြီးအောင်…

 

ရှင်ညာခဲ့တယ်

 

အခြေခံ ၀မ်းစာအတွက် ရှင်ညာခဲ့တယ်

 

အင်တီဗျူရိုကရေစီဆန်တဲ့ ချစ်မှုပြုနည်းတွေနဲ့ ရှင်ညာခဲ့တယ်

 

ကျွန်မ တစ်ယောက်တည်းကို မဟုတ်၊

 

တစ်လောကလုံးကို ရွှေရုပ် ကလေးတွေ

 

ပေးပါ့မယ်လို့ ရှင်ညာခဲ့တယ်

 

ကျားထက်ဆိုးတဲ့ ရှင်ကြီးပဲ

 

ကိုယ်ခံစွမ်းအားဆိုတာ ကိုယ်ခံလိုက်ရမှ တိုးပွါးလာတာမျိုးမဟုတ်လား

 

ခု ကျွန်မ လောကဓံကို အလျားလိုက် ရဲရဲကြီး ရင်ဆိုင်နိုင်သွားပြီ

 

 

 

အခုရှင်ဘယ်မှာလဲ

 

ညရေးညတာခက်တဲ့ နေရာတွေများ ရောက်နေရော့သလား

 

လောကမှ ဘယ်သူမှ…

 

ထင်တိုင်းလည်း ကြဲမရသလို

 

ဖင်တိုင်းလည်း မမည်းကြပါဘူး ဘကြီးအောင်

 

(ရှင်တော့ ထိုင်ခုံပေါ် အထိုင်များလို့ သူများထက် ပိုမည်းကောင်း မည်းမှာပေါ့)

 

ဘ၀အသီးသီးမှာ

 

ရှုပ်ထွေးသိမ်မွေ့တဲ့ ရှုံ့ချည်နှပ်ချည်တဲ့ အရာတွေ ကိုယ်စီကိုယ်စီရယ်ပါ

 

ကန့်လန့်ကာ နောက်က သူကို

 

စင်ပေါ်က ဆင်းခိုင်းရတာ အခက်ဆုံးဆိုတာ

 

ကျွန်မ သိပြီ ဘကြီးအောင်

 

ရှင့်အတွက်တော့ ကျွန်မဟာ အပိုပစ္စည်းလုပ်ငန်းတစ်ခု မဟုတ်လား

 

ရင်းနှီးမြုပ်နှံမှုများစွာနဲ့ လူမှုဆက်ဆံရေး ပရိယာယ်တွေ ကြွယ်ဝလွန်းသူကြီးငဲ့

 

ကျောက်ပျဉ်ပေါ် ဥကျလည်း ဥကွဲ၊ ဥပေါ် ကျောက်ပျဉ်ကျလည်း ဥကွဲ ခေတ်ကြီးဆိုတော့

 

ရှင့် ဥ ကို ရှင် ပြန်ယူလိုက်ပါတော့

 

 

 

သိုးနီညို

မြေကွဲကြောင်းကြီး

ဘာရယ်မဟုတ် ခဏပေါ့၊

မြစ်ဘေးမှာရပ်လိုက်တယ်၊

ရေတွေက နောက်ကျိပြီးခပ်သန်သန်စီးနေတယ်

အဲ့ မြစ်ပိုင်ရှင် ဘယ်သူမှန်း ငါမသိဘူး၊

ငါ့ ပိုင်ရှင် ဘယ်သူမှန်း အဲ့ မြစ် သိမှာ မဟုတ်ဘူး။

သေချာ သလိုပဲ။

ငါ ခဏ တဖြုတ် ဘာရယ် မဟုတ် အဲဒီမြစ်ဘေးနားမှာ

ရပ်လိုက်တာကို၊ ငါ့ ကိုယ် ငါ ပြန် နားမလည်နိုင်ဘူး၊

ငါ ခဏဖြစ်ဖြစ် သေချာလိုက်သလိုပဲ။

 

ကိုယ့်သွေးကိုကိုယ် ဖောက်ထုတ်ပြီး

ကိုယ့်ကိုယ်ထဲ ကိုယ်

ပြန်ထည့်ကြည့်ဖူးလား ။

ဟိုဘက်ကမ်းဆီက လယ်ကွင်း၊ တောအုပ် ဆီက အငွေ့ပျံ့ပျံ့ မျှင်မျှင်

ပြယ်ထွက်နေတယ် ။

ငါ ဒီနေရာကနေ ထွက်သွားပြီးရင်၊

ဒီနေရာကို ပြန်ရောက်ဖို့

အခြားဘယ်နှစ်နေရာ ရောက်ဦးဖို့ လိုမှာပဲ။

ဒေသ နဲ့ အချိန်ကြားမှာ ရှိနေတဲ့ ပွိုင့် တစ်ခုဟာ

မှေးမှိန်သွားတတ်တယ်၊

 

လေကြောင့်၊ အဲဒီလေကြောင့်ပဲ

အဲဒီ မြစ်ရဲ့ အသံကို ငါတို့ ကြားနိုင်တာ၊

အဲဒီမြစ်ရဲ့ အရေးအသားကို ဖတ်ရှု နိုင်တာ ၊

အဲဒီမြစ်ရဲ့ ပို့ချ မှုကို ငါတို့ ခံလိုက်ရတာ၊

. . . သိနိုင်တာ၊ အဲဒီလေကြောင့်ပဲ၊

ဒီနေရာကနေ ထွက်သွားလိုက်ရင်

ငါ ဆိုတာ မရှိနိုင်တော့မှန်း သိနိုင်တာ၊

 

နောက်ကျိဝါကျင် နေတဲ့မြစ်က

သူရေနက်မယ်လို့ ထင်သလား လို့ ငါ့ဘက်ကိုလှမ်း

မေးတယ်။

အနောက်ကို လှည့်ကြည့်လိုက်တော့

ဓနိမိုး၊ ဂိုဒေါင်တစ်လုံးကလွဲရင်

မြက်ပင်ရှည်တွေပဲရှိတယ်။

 

ငါ အခု ဒီမြစ်ဘေးမှာ ဘာရယ်မဟုတ် ခဏရပ်သွားတာကို

ဘယ်ငနဲ မှ သိမှာမဟုတ်ဘူး ။

 

လင်းနီညို

ခြောက်သွားတဲ့ ဆားရည်များ

တင်ဒါ

ကလွဲရင်

အဓိပ္ပါယ်ဖော်ယူ

လို့မရ ။

 

မောင်းသူမဲ့ နာရီမှာ ကပ်ပါသွားတဲ့

ရှပ် အဟောင်းလေး တစ်ထည် နဲ့

စောက်ပေါက်ကရ သီချင်းတွေ

အော်ဆိုခဲ့ကြတဲ့ မျက်မှန်မပါ ကတ္တရာအေးအေးညများ

ကလွဲရင်

တွေးယူကြည့်ယူ

လို့မရ ။

 

ပင်လယ်ရေမြင့်တက်ကျယ်ပြန့် ပြီး

နောက်နောက်နောက်

ကျန်နေခဲ့တာ

ဘယ်ဘက်မှာ ကောင်းကင်

ညာဘက်မှာ မှောင်မဲတဲ့ ရပ်ကွက်တွေ

ဆင်ခြင်လိုက်မှ ဖြစ်လာတဲ့ ဖြစ်နေမှု တွေ ။

ကြယ်တွေရဲ့ ၀မ်းဗိုက်မှာ ကပ်ရပ်ပေါက်နေတဲ့

အမွှေးအမျှင် တွေ အေးခဲ သွား ဆိုတဲ့

သီချင်းစာသားကို ငါးကြိမ်လောက်အော်ဆိုပြီး

ကလေးဘ၀ ပတ်ချာလည် ချားရဟတ်ပေါ်က

ဂျစ်ကားအရုပ်ကလေးပေါ်မှာ

မြင့်တက်ကျယ်ပြန့်လိပ်တက်လာနေတဲ့ လူပင်လယ်ကြီး

တွေ။ ခွီးထဲမှပဲ။

 

ရှုပ်လိုက်တာရှင်ရယ်၊ ကျွန်မ က အဲဒါ

ရှင်တို့ ပိုင်တဲ့ အာဏာ ရယ်လို့ ထင်နေခဲ့တာ။

မျက်လုံးမှာ အုပ်ထားတဲ့ အ၀တ်မည်းကလေး

လေထဲမှာ လွင့်သွားသလို။

 

ဆာရီယယ် ရုပ်ရှင်တစ်ခုမှာ

ဖြူသေးသွယ်ပြောင်းတဲ့ လက်ကလေးဆီကနေ

လက်စွပ်တစ်ကွင်း သွေတွေနဲ့ ချောကျိပြီး

သဲမြေ မွမွပေါ်ကျသွား၊

နားထဲကို လက်စွပ်ကျသံ “ချလွမ်”

ဟာ ၀င်လာခဲ့တယ်။

 

ငှားလိုက်တော့။

အသံ တွေအားလုံးကို ။

 

တို့တွေ မရေးဖြစ်လိုက်တဲ့ အိပ်မက် တိုကလေး တွေ

ကုတင်အောက်မှာ အများကြီးပေါ့ကွယ်။

ကောင်းကင်ဟာ တို့ အတွက် သေတွင်း အနက်ကြီးပဲ။

ဘယ်သူ သေချာ သိမလဲ ။

 

ဒါပေမယ့် လူရှိရင် သူရှိနေမယ် ။

 

သူ နှင်တဲ့ မြားထိပ် က စကားလုံး နဲ့ ခင်ဗျား ဖတ်မိတဲ့ သူနှင်တဲ့ မြားထိပ်က

စကားလုံး၊ အကွာကြီးပဲ။

ခင်ဗျား မှတ်ဥာဏ်အမှုန်တွေရဲ့ ကိုယ်လက် အင်္ဂါတွေ သတ်ပစ်လိုက်

စရာ မလိုလောက်အောင်ကို ရွဲပလဲတဲနေပြီ။

လျှောက်ရောပြီး မထင်လိုက်ပါနဲ့

 

အင်း . . ခေါင်းလောင်းသံတွေ

လူတွေ အားလုံး လက်ထဲမှာ တစ်ယောက်တစ်လုံး

ကိုင်ထားတဲ့ ခေါင်းလောင်းသံတွေ

 

ပတ္တမြားရောင် ညနေ ထဲမှာ

အထက်လူကြီးရဲ့ကျောက်တုံးကို

ဖောက်ခွဲဖျက်စီး မှော်ဆရာလည်း

ဖြစ်နိုင်ကောင်းတယ်

 

အခုလက်ထဲမှာ ကိုင်ထားတဲ့

ဆွဲကြိုးမျှင်

ချိုင့်ဝင်မှောင်မဲပျောက်ကွယ်သွားသည့်အထိ

အိမ်မြှောင် မြှောင် တဲ့အနောက်ကို

တို့ လိုက် ဖြစ်ခဲ့ပေါ့။

တောက်တဲ့ တဲ့ တဲ့ အနောက်ကို

တို့ လိုက် ဖြစ်ခဲ့ပေါ့။

နေ၀င်သွားတာ ဟာ သိတာပဲရှိတာ၊

ဘာမှ မြင်ရ တာမှ၊

 

မဟုတ်တာ မဟုတ်ဘူးလား

 

မမြင်အပ်ခြင်းထဲက စိတ်အာရုံ ထင်းစည်း

ထဲမှာ ၀ိုင်းပယ်ခံရသူ

 

ဘာရယ်မဟုတ်

စနေနေ့ကထမင်း ကို သညာချက် ချက် ထားတယ်

စနေနေ့က

ထမင်းကို သညာချက် ချက် ထားတယ်

 

ပြောင်းလဲခြင်းမရှိတာ

ဟိုမျက်စောင်းလမ်းက

အမှိုက်ပုံကြီး

 

နဲ့

 

လက်ထဲမှာ အမြဲရှိနေခဲ့တဲ့ ပန်းအလိပ် တွေ ။

တို့ ဘရန်ဒီ အရက်ရဲ့ လျို့ဝှက်ချက် က သက်တမ်း ပဲ။

အင်း . . အရာရာတိုင်းရဲ့ လျို့ဝှက်ချက် က သက်တမ်း ပဲ။

သက်တမ်းရဲ့ လျို့ဝှက်ချက်ကတော့ ခင်ဗျားပဲ။

ဟိုမျက်စောင်းလမ်း ထဲမှာပေါ့။

 

အနောက်ကနေတောင်းပန်ပြီး

စောင့်စောင့် စောင့် နေသလို

 

ငါတို့ ကလီစာ တွေ အသုံးပြုဖို့

သူတို့ ဆုတောင်း ကောင်းခဲ့တာ

 

တို့ ကလီစာ တွေ ထဲမှာ

ငါတို့လည်း ဘာမြို့ပြ အဖွဲ့အစည်းမှ

မတွေ့ရရှာဘူး။

သူတို့တွေ ဆုတောင်းကောင်းခဲ့ပုံများ။

 

နော့။

 

လင်းနီညို