• သောင်နဲ့ တူတဲ့ သူ
    Date: 2012.05.03 | Category: poetry | Response: 0
    ဗိုက်ထဲမှာ ထည့်ထားတဲ့
    Shure SM58  မိုက်ကရိုဖုန်း ကို ပြန်ထုတ်လိုက်တော့
    သူ့ လေသံ တွေ စပြောင်းလာတယ် တဲ့။
    သူ အဲဒီလိုပြောပြီး
    သူ့
    စာရွက်ပေါ်မှာတင် သူ သေသွားတယ်။
    ကြားစကားများအရ ဆိုရင်တော့
    ဘ၀ ဟာ အရင်းမှာတုတ်ပြီး အဖျားမှာ ဂေါ်လီမြုပ်ထားတဲ့
    Roll-on လိုပဲ တဲ့။
    သူ့ အကြိုက် ဟာ သူ့ ဗိုက်မှာ ရှိတဲ့ သူ့ အရှိုက်ကို
    ပယ်ပယ်နယ်နယ် ထိုး ချဖူးပါတယ် တဲ့။
    ပွန်းဆိုက်က ဒေါင်းလုတ် ခလုတ်ကို ကလစ် လိုက်တယ်၊
    ဘာမှ တက်မလာဘူး၊ အံ့စွ၊ ကြော်ငြာတောင် တက်မလာဘူး တဲ့ ။
    သူ မရှိတော့ဘူးလို့ သူ အကျယ်ကြီး အော်ပစ်လိုက်တယ်။
    လိုက်တမ်းပြေးတမ်း ကစားတယ်၊ သူ့ကို ဘယ်သူမှ မလိုက်ဘူး၊
    တူတူပန်းတမ်း ကစားတယ်၊ သူ့ကို ဘယ်သူမှ လိုက်မရှာဘူး
    ဟေး . . ငါဒီမှာ . . ငါဒီမှာ . . လို့ အော်ရင်း၊
    (ပထမဆုံးလိပ်စာ စာအုပ် ထဲက) ဇေယျာလင်း ရဲ့ လင်း ကဗျာထဲကနေ
    သူ
    အေးဆေး ပြန်ဆင်းလာတယ်။
    ဒါပေသိ၊ မအေးဆေးဘူး တဲ့။
    “မနေနိုင်တော့ဘူး၊ ကိုယ် ဆိုးတော့မယ်ကွယ်” လို့ သူ ပြောပြီး
    Roll-on ကို သူ့ နိုင်ငံ ရဲ့ အင်္ဂါဇာတ်ထဲ သူ ထိုးထည့်လိုက်တယ်။
    သူ့ နိုင်ငံကြီး အံကြိတ်ပြီး ကော့ထွက်သွားတယ်၊
    ပြည်သူ ပြည်သားတွေ တဖွဲဖွဲကြွေကျ၊
    အင်း . . အဲ့ မျက်စိတစ်ဆုံး
    ပေါ်ပီပန်းခင်း တွေကို ငြိမ်းချမ်းရေး ပန်းခင်းများလို့ သူ
    မသေခင် နာမည်ပေးခဲ့တာပေါ့။
    ဟိုး ရိုးမ ဆီက ကိုကာကိုလာ ရောင်
    သစ်ပင်တွေ၊
    အင်း . . အဲ့ . . သစ်ပင်တွေ လှဲအိပ်နေရာကနေ
    အော်ပြောကြတယ်
    ကျွန်တော်တို့ အတွက် ပျင်းစရာ ကဗျာတွေ မရေးကြနဲ့။
    အင်း . . . စစ်မြေပြင်မှာ သူ ဟာ သူ့ခေါင်းကို သူ့ အမေပေးလိုက်တဲ့
    ထဘီထဲ ထည့် ၀ှက်ထားခဲ့ပါတယ်တဲ့ ။
    ပြီးတော့ ထပ်ပြောသေးတယ်၊
    အခုတော့ အင်တာနက် Meme တွေ ကြောင့် သူတို့နဲ့
    ယဉ်ကျေးမှု ကွဟချက် ထင်သလောက် မရှိတာ
    သိလိုက်ရသလို . . .
    ဆိုတာ မျိုးလေး တွေ . .
    သူ့ ပါးစပ် က နေ လျှောက်ပြောနေပါတယ်တဲ့။
    သူ
    ဟာ မြောင်းထဲရောက်နေတဲ့
    အတိတ်လေ ထဲမှာ လွင့်ပြီးသား
    စက္ကူလေးတွေလို
    စွတ်စိုထိုင်းမှုင်း မှုကို စိမ်ပြေနပြေ ခံစားယူငင်နေသူ၊
    သူ့ ပြောစကားမှာ
    သူဟာ စကားပြော တစ်ခုအနေနဲ့ ဖြစ်နေခဲ့ ပါတယ်
    တဲ့။
    လင်းနီညို
  • လေတိုက်လျှင် အရွက်လှုပ်သော။
    Date: 2012.05.03 | Category: poetry | Response: 0
    သက်ကြီးရွယ်အိုတွေရဲ့ တွန့်ရွနေတဲ့
    အရိုးပြိုင်းရိုင်း အပြုံးတွေ၊
    အို . .  ကျွန်တော်တို့  ညင်သာစွာ စီးခွင်း ခဲ့သမျှ
    ဟာလည်း သူ့တို့ အတွက်ချည်းပါပဲ
    သွားစမ်းပါ၊   လမ်းဘေး ကလေး တီးတဲ့ဝါးဆစ်ပိတ်လောက်မှ
    လူ့အဖွဲ့အစည်း နဲ့ အနုပညာလောကကြီး ကို အကျိုးမပြုခဲ့တာ
    ဆိုတဲ့ကြော်ငြာဆိုင်းဘုဒ်ကြီးတစ်ခုက စာတန်းဟာ
    လည်ပြီး နားစည်မှာလာစိုက်နေတယ်၊
    တစ်ယောက်အိပ်ဖျာကို သုံးယောက်အိပ်လို့ရတဲ့အထိ
    ဆွဲဖြန့်လိုက်ပြီး၊
    “ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ တီထွင်လိုက်တဲ့ စက်ရုပ်မ ဟာ
    ကျနော်တို့ရဲ့ ယဉ်းကျေးသိမ်မွေ့လုံခြုံတဲ့ ယဉ်ကျေးမှု နဲ့အညီ အခြားလူမျိုးစုတွေရဲ့ identity ကို ဖဖဖိနှိပ်ပ်ပ်ပ် . . . ဖို့
    ပရိုဂရမ်ဆွဲထားသောကြောင့် . . . ”
    လို့ ဘယ်ကောင် ဘယ် ကြော်ငြာမှာ ပြောတာလဲ၊ အဟင်းဟင်း၊ ဆောင့်ကန်သတ်ပလိုက်ရ၊
    အိမ်အပြင်က ကန်
    စွန်းခင်း             တွေ အားလုံး
    အကွက်အကွက် နဲ့ ပျက်ကုန်ပြီ၊
    ထရော့စကီး၊ ပြည်သူ့အတွက် ထရော့စကီး၊ တပ်နီတော်ရဲ့ ထရော့စကီး၊
    မက္ကစီကိုမှာ ဘာဖြစ်သွားလဲ၊ ဒီက ဘယ်လူကြီးတွေမှ အကောင်းလုပ်ပြီး ပြောမနေ
    ကြဘူး ကို ရယ်၊ ဟိုဘက် စိတ်ပုပ် ကို ဒီဘက် စိတ်ပုပ် မှာ ပြောင်းတပ်ပေးလိုက်တော့
    နှစ်နိုင်ငံကြားက
    ကြီုးတံတားအရှည်ကြီးပြတ်ကျသွားတယ်၊
    တစ်သက်လုံး သူမ အနေနဲ့ ကွန်ပျူတာဂိမ်းထဲက အခန်းထဲမှာ
    ပိတ်မိနေရာကနေ . .  ထွန်းထားတဲ့ ရွှေရည်စိမ်
    ဖယောင်းတိုင်ကို မှုတ်လိုက်တယ်၊
    coding တွေ သံတိုင် တွေပေါ်မှာ
    လျှောက်ပြေးနေရာကနေ  . .
    လှလှပပ ဘယ်သူမှ မသိအောင်
    ဖျောက်ပစ်ခြင်းကို ခံလိုက်ရတယ်။
    ပစ်ကွင်းတွေ အပေါ်မှာ သက်ကြီးရွယ်အိုတွေ
    အမြဲအုပ်ဆိုင်းနေတယ်၊
    ဟာရိုးပင်တာရဲ့ ဇာတ်စင်တွေ ပေါ်ရောက်နေတဲ့
    ဆွေးမေ့ ဟာသ ဖွယ်ရာ နေ့စဉ်ဘ၀ များ ၊
    သဲတရှရှ နေ့ရက်များ ရဲ့ မြောင်းဖျားဟာ
    လည်း
    ကွေ့ကောက်ပြီး ကျွန်တော့် ကိုယ်ထဲကို
    တန်းစီ ထစ်ငေါ့ ဘယ်ညာဘယ် ညာသံ ပေး
    ပြီးဝင် တစ်ထစ်ချင်းသွား၊
    ဆွေးမေ့ ဟာသ ဖွယ်ရာ နေ့စဉ်ဘ၀ များ၊ ပညာပေးဇာတ်လမ်းဆိုင်ရာ
    အထာ များ၊ ပြီးတော့
    ခံစားနေရ၊ အိုး . . ကျွန်တော် ခံစားနေရ၊
    အဲ့ ခံစားချက် တွေက သူ့ ကို ကိုယ်စားပြု ခဲ့တာ ၊
    ဟုတ်ပ . . ပြည်သူတွေ သိတာ သူ မဟုတ်ဘူး၊
    သူ့ ခံစားချက် တွေ၊
    သူ့ အတ္တအပေါ်မှာ အတည်ဆောက်ဆောက်ခံထားရတဲ့
    နို့မှုန့်ဘူးတွေ၊ ဘက်ထရီအိုးအဟောင်းတွေ၊ ရင်သားထွားထွားနဲ့အမျိုးသမီးတွေ၊
    အမျိုးဘာသာသာသနာတွေ၊
    ဇာတ်စင်ပေါ်က နှင်းတွေကြားမှာ အဘိုးကြီးတစ်ယောက်
    အလုပ်လိုက်ရှာတယ်၊ ကန်မချ လိုက်တာ ခင်ဗျား နောင်တ ရသင့်တာပဲ၊
    အဲ့ အဘိုးကြီး အလုပ်တွေ ရှာတယ်၊ လူတွေ သတ်တယ်၊
    ဘွဲ့တွေယူတယ်၊ လူတွေ သတ်တယ်၊
    လူတွေသတ်တယ်၊ ဘာသာစကားကို ပလတ်တပ်ပြီး ဒိုင်တွေ လျှောက်ဖြန့်ဝေတယ်၊
    ပစ်ကွင်းတွေပေါ်မှာ ပါဝါ ဟာ အမြဲအုပ်ဆိုင်းနေတယ်
    ကျွန်မ မျက်ခုံးဟာ ကတုံး လုံးလုံး ဖြစ်သွားခဲ့ပြီ၊
    မျက်လုံးထဲမှာ အရေတွက်ခံ အလွမ်းအဆွေး တွေ
    အခွေလိုက်။ ပေါ်ပြုလာ ယဉ်ကျေးမှုဟာ
    မထင်ထားတဲ့ (အင်း . . ထင်ထားတဲ့) နေရာကနေ
    လူအုပ်ကြီးတွေကို ထုတ်ပေးလိုက်ပီး
    ထရော့စကီး ကို သတိမရကြတော့ဘူး . . လို့ အော်ကြတယ်။
    ဟာသပဲ။
    လို့ခင်ဗျားတွေးချင်တွေးမယ်။
    စိတ်လေတယ်၊
    နာရီ နဲ့ ပိုက်ဆံ ထိသွားတဲ့နေရာမှာ
    တို့ အတွက် နယ်မြေ သူတို့ ထားထားပေးတယ်တဲ့။
    မြေပုံဟာ  အရည်ပျော်ပြီး နံရံထောင့်မှာ သွားကပ်နေတယ်။
    သူ  က ပြောတယ်၊
    ပလာဗ်သေတဲ့ နှစ်က ဆောင်းတွင်းဟာအရမ်းကြမ်းတယ်။
    အရမ်းကြမ်းတယ်ဆိုတာ အရမ်းအေးတယ်လို့ပြောတာ . .
    သူ ဆက်ပြောတယ်။
    ကျွန်တော် လေထီးခုန်နေရင်း သိုင်းကြိုးတွေအားလုံးကို ဖြတ်ချပစ်
    လိုက်ဖူးတယ်၊ လေတွေနားထဲကို ၀ူးဝူးဝါးဝါးဝင်လာတယ်၊
    လေထဲမှာ ပဲ လေနဲ့ဆောင့်မိပြီး တလိမ့်ကောက်ကွေး ဖြစ်သွားတယ်
    လယ်ကွင်းတွေဟာ ကျွန်တော့်မျက်လုံးထဲကို အရှိန်နဲ့ပြေးဝင်လာကြတယ်၊
    မိုးကုပ်စက်ဝိုင်းဟာ တုတ်ချောင်းတစ်ချောင်း လည်နေသလို၊
    သွေးပျက်စရာအရမ်းကောင်းတယ်၊ နောက်ခါ ဘယ်တော့မှ
    ထပ်မလုပ်ရဲတော့ဘူး၊
    ကျွန်တော်သိသွားတယ်၊ လွတ်လပ်မှု ဆိုတာ အဲဒါမဟုတ်ဘူးလို့၊
    အဲဒီလို ပြောပြီးတော့ သူ ရယ်တယ်၊
    ခင်ဗျားရယ်တဲ့ ရယ်နည်း နဲ့ ပဲ သူရယ်တာ
    မျက်မှန်မပါတဲ့ အချိန်မှာ သူဟာ
    သံလွင်မြစ်ဘေးက အမှိုက်ပုံကြီးနဲ့တူတဲ့
    လူတွေ၊ ရပ်ကွပ် တွေကို ငေးနေခဲ့တာ
    ခင်ဗျားတို့အိမ်ဘေးက သက်ကြီးရွယ်အိုတွေဟာ
    ဘယ်တော့မှ ၀ လာမှမဟုတ်ဘူး
    ဆို
    စကားကို ဘယ်တော့မှ ကုန်အောင်မပြောနဲ့
    တဲ့။
    အဲဒီလို ပြောပြီး သူရယ်တယ်၊
    လင်းနီညို
  • မြူ လို့ ပြောချင်
    Date: 2012.05.03 | Category: ကဗျာစာအုပ် | Response: 0
    စောစောသိပ်လို့
    စောစောအိပ်လိုက်ရတဲ မြို့ကလေး၊
    ငရဲခန်းက လှုပ်နေတဲ့ အသံတွေ၊
    ဒါမှမဟုတ် ဆက်တိုက်မြည်နေတဲ့ တဒီးဒီး ငိုသံ၊
    ခလုတ်နှိပ်စရာမလိုဘူး၊ စကရင်ကို တို့ဆွဲ ဆွဲလိုက်ရင်
    အသိဆိပ်ငွေ့တွေ ပါးစပ်ထဲ အလုံးလိုက် ၀င်လာမယ်
    ဆိုတာ  ငါသိလျက်နဲ့
    ပြီး
    မျက်လုံးမှိတ်ထားလျက်နဲ့
    မျက်ခွံ့နဲ့ အလင်းကို ခံစားလိုက်ရတဲ့အချိန်
    အဆီထုတ်ထားတဲ့ နွားနို့တွေ မြို့ ရဲ့ ညလယ်မူးမူး
    လမ်းတွေပေါ် ဒီအတိုင်း ကြီး စီး
    ဆင်းလို့၊
    ဒေါက်ဖိနပ်ပင်လယ်ကြီးထဲမှာ ကူးခတ်သွားဖို့၊
    လွယ်အိတ်ဟောင်းတစ်လုံးလို နေထိုင်ဖို့၊
    စာအုပ်ကြီးလောက်ချစ်ဖို့၊
    ကိုယ့်သားသမီးကိုကိုယ် မိုင်းနင်း ခိုင်းဖို့၊
    မသေချာတဲ့ မိုးပေါ်က အနီရောင်တွေ၊
    အိမ်ဘေးနား မှာ ပြုတ်ကျသွားတဲ့
    ဘ၀ အနောက်မှာ တွဲချည်ပေးလိုက်တဲ့
    ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေ
    အို . . . ခင်ဗျား
    ပန်းတွေကို မြင်ရင်
    ရင်ခုန်သေးပါစ။
    လင်းနီညို
  • ဖရဲသီးထံ ပျံလွင်တော်မူခြင်း
    Date: 2012.05.02 | Category: poetry | Response: 0
    အဲဒီတော့ ခင်ဗျားပြောချင်တာက
    နိုင်ငံတကာ ကပ္ပလီမကြီးတွေဟာ လူ/သူ မသိ ရှိခဲ့ ရှိဆဲ ရှိလတ္တံ့ နေဦးမယ်ပေါ့
    အတိတ်ရဲ့ လွှမ်းမိုးမှုဟာ အာဖရိကတိုက်ကြီးရဲ့ ရင်သားထွားထွားကို
    ပိုပြီး ညွတ်အိလေးလံစေတယ်
    ရင်လေးတယ် ဆိုတာ ဒါမျိုးပေါ့ ဟုတ်ကလား?
    အဲလိုဆိုတော်သေးတယ် အခုဟာက
    ဘလက်ဟိုးတွေဟာ ဥာဏ်နီဥာဏ်နက်များတယ်၊ ဆင့်ကဲဖြစ်ပေါ်တယ်
    ပိုကြီးတဲ့ ငါးတွေဟာ ပိုကြီးတဲ့ ဘလက်ဟိုးတွေ အတွက်
    ခေါင်းငုံ့ပြီး…
    ကျွန်တော်ဟာ ပုဇွန်ဆိတ်ကလေးပါ
    တစ်ယောက်ယောက်က တိုးတိုးလေး ပြောခဲ့
    အကောင်းဆုံး နည်းကတော့
    လူမှုကွန်ယက်တွေထဲ ဗလာထီးထီး ကိုယ်ချည်းဆက်ဆံမှုတွေကို ရှောင်ကျဉ်ဖို့ပဲ
    အဲဒီတော့…
    သူ့သလုံးသား မဲမဲတွေ ခေါ်ဆောင်ရာနောက်ကို
    ကိုယ့်နှလုံးသား ရဲရဲကလေးက မလိုက်ပဲ နေမိလိုက်ဖို့ ဆိုတာ
    နဲဘူးကြီး ခက်ခဲတဲ့ အလုပ်
    အလုပ် ဟူသမျှ ဂုဏ်ရှိစွ
    မ(အ)လုပ် ဟူသမျှသည်လည်း ဂုဏ်ရှိလေစွ
    ဒါပေသိ အမှတ်တမဲ့ သင့်လက်ဖဝါးပေါ်မှာ
    လူ့အဖြစ်ဟာ ရေပွက်ပမာပဲလို့ မြင်အောင်ကြည့်
    ပွက်လိုက်တာမှ ဘယ်နား ငါးစာချရမယ် မသိလောက်အောင်ကိုပဲကိုး
    သူစိမ်းဆန်မှုနဲ့ စိမ်းစိုနေတဲ့ အမဇုန်တောစိမ်းစိမ်းကြီးထဲ
    ကိုလမ်ဘတ်စ်လည်း ချဉ်းနင်းဝင်ရောက် ထိုးဖောက်ခဲ့ဖူးမှာပါနော
    မစ္စစ္စပိ မြစ်ရိုးတလျှောက်မှာ မှုတ်ပြောင်းတွေနဲ့ အာဖရိကလူရိုင်းဇုံ
    ဒါပေမယ့် သင် ခေါင်းမတ်မတ်ထောင်ပြီး ဝင်နိုင်ပါတယ်
    ရေခဲသေတ္တာအကြီးကြီးတွေဟာ
    လူ့သမိုင်း အတုံးလိုက် အတစ်လိုက်တွေကို သိုမှီးထားနိုင်ဖို့ မဟုတ်လား
    ဘလက်ဟိုး နဲ့ ဝှိုက်ဟိုး ဆိုတာတွေကလည်း ရီလေတစ်ဗတီပဲ မဟုတ်ပါလား
    ဒါကိုပဲ ကမ္ဘာဟာ  ရွာဖြစ်လာတယ် ခေါ်မလား
    ဪ အင်း အဲ ကမ္ဘာလယ်သလို ရွာမလယ်ရင် ပြီးရောပကွယ်
    အပူရှိန်နဲ့ အသားနံ့မွှေးမွှေးတွေထဲ နစ်ဝင်နေတဲ့ အချိန်တော့
    မုတ်ဆိတ်မွှေးတွေအကြောင်း ဘယ်သူက စဉ်းစားမိပါ့မလဲနော့
    သိုးထိန်း(အန္တိမ)
  • အင်မတန်သေသပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စကားလုံးတွေ
    Date: 2012.04.30 | Category: poetry | Response: 0
    ပေါကြွယ်ဝသည့် သယံဇာတများနှင့် ၎င်းအပေါ်မှာ
    ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ၊ မွှေးမွှေးပေးဆဲ၊ ရှူရှူးပေါက်ဆဲ
    ဆိုဆဲ
    နင်ပဲငဆ ဒီ ယုံကြည်ချက်ကြောင့်
    အားထုတ် ကြိုးပမ်းမှုများ
    လုပ်ကြံသတ်ဖြတ်မှုများ
    ပြင်ဆင်ချယ်သမှုများ
    လိင်အင်္ဂါပြောင်းလဲမှုများ
    ရင်သားခွဲစိပ်တိုးချဲ့တပ်ဆင်မှုများ
    လူနာကိုကြည့်ရတာလည်း ဒီလိုဆေးမျိုး လိုနေပုံပါပဲ
    အငမ်းမရဖက်တွယ်ရန် အလုပ်ဟာ ဘာလဲဆိုတာ
    ပြန်စဉ်းစားဖြစ်တဲ့ အခါမှာ အခန်း ကြမ်းပြင်ပေါ်မှာလည်း အိပ်ခဲ့ရပါတယ်
    တစ်ယောက်နဲ့ တစ်ယောက် ကျောခိုင်းလို့
    တစ်ယောက်ပြီးတစ်ယောက် နဲ့ ဟိုးလေးတကျော်ဖြစ်ပြီးမှ
    အသက်ငယ်ငယ်မှာ ဘာကြောင့် ကျောင်း ဆီ ထွက်ခဲ့ရသလဲ
    ဘဝဆိုတဲ့ ကျောင်းမှာ ဘဝရည်မှန်းချက်ကို
    ဘယ်လိုလုပ်ပြီး မေတ္တာမျှပေးနိုင်မလဲ
    မှတ်တမ်းတင်ထားသကဲ့သို့ လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့အခါ
    သွေးရိုးသားရိုး ပျက်ကျမှုမျိုးလို့ ဘယ်သူက ယုံကြည်နိုင်မှာလဲ
    အကြီးအကျယ် ပြောင်းလဲစေခဲ့တာက
    အနာဂါတ်ကို ယုံပါ၊ ကံ၏ အကျိုးကို ယုံပါ
    အင်မတန်လှပတဲ့ တနင်္ဂနွေညနေတိုင်း ယုံပါ
    လက်ရေးစာလုံးတွေနဲ့ ပုံနှိပ်စာလုံးတွေကို ယုံပါ
    တစ်ခုခုကို ယုံပါ
    အခြေခံဘာသာစကားတန်းစားထဲမှာ
    ရသဗေဒကို အနိဋ္ဌာရုံအလှနဲ့ လဲလိုက်ရတာပါ
    အရာရာတိုင်းမှာ မသေချာမှုတွေ ချီးပါ၊ သေးပေါက်
    ဆေးလို့တောင် မလောက်ပါဘူး
    ဒီဖြစ်ရပ်ကပဲ အနှောင်အဖွဲ့တွေကနေပြီး အနာဂါတ်အလားအလာတွေ ဆီကို
    ဆီလို အပေါက်ရှာပြီး စိမ့်ထွက်ပျံ့နှံ့ချင်စရာ
    အင်မတန် ပျော်စရာကောင်းတဲ့ ဆန်းသစ်ခြင်းရဲ့ ဇနပုဒ်ကလေးများစွာပေါ့
    ရေမြေ တောတောင်အလိုက် တောကြောင်သိုက်တွေလည်း တွေ့ရမှာမလွဲပါ
    ဒါဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ လည်ချောင်းထဲကတဆင့် အစာအိမ်ကိုဖြတ်ပြီး
    စူးစမ်းလိုစိတ်နောက်လိုက်ရင်း အက္ခရာတစ်လုံးကို ဆန်တစ်စေ့လို ကိုယ်စားပြုဖို့ ကြိုးစားတာမျိုးတွေပါ
    မျိုးဆက်ဟောင်းကြီးများအပေါ်မှာ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို
    ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာကတော့
    ပေါ့ပေါ့ပါးပါးကူးချထားတဲ့ အတိတ်ရဲ့ အတိတ်ထဲ အတိတ်လွဲနေတဲ့ နေ့များ ညများ
    ကြုံကြိုက်ခဲ့တာ အတော်များများ နဲ့ စိတ်ထဲမှာ ပေါ်လာတာတွေကို
    လိုက်လုပ်ရင်း လုပ်လိုက်ရင်း လေ့လာဆန်းစစ်ချက် များအရ
    တွေ့ပြီ လား/ မတွေ့သေးဘူးလား ဆိုတာ
    ပြီးတော့ ဘဝအဖော်မွန်တွေ သဘာဝအတိုင်း နှစ်ကြာလေ ပိုပြီးခိုင်မြဲလာလေလေ
    သိုးထိန်း(အန္တိမ)
    ကိုးကား။  ။  Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း
  • ဇလီဖားတုံးတွေကို သူမုန်းတယ်ဆိုတာ
    Date: 2012.04.24 | Category: poetry | Response: 0
    ပါးစပ်ထဲမှာ အသက်နဲ့လဲပြီး အာမခံသွားတဲ့ လေယာဉ်တစ်စီး
    ပျက်ကျလျှင်
    လူကြီးမင်းဝယ်ယူခဲ့သည့် တန်ဖိုးအတိုင်း
    အခြားခရီးစဉ်တစ်ခုကို ကျန်ရစ်သူမိသားစုအား ပြန်လဲပေးရန်
    တာဝန်ရှိပါသည်
    အရောင်းဆိုင်မှ ထိုင်ခုံနံပါတ် နှင့် ၀ရန်တီကာ့ဒ်ကို စစ်ဆေးပါမည်
    ရှေးလူကြီးတွေလက်ထက်က  ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်ဆိုပေမယ့်
    ကြည်နူးဝမ်းသာပီတိများစွာနဲ့ ထိုင်စောင့်နေရုံနဲ့ ကတော့
    ရွှေပြည်တော် မျှော်တိုင်းဝေးနေမလားပဲ
    တစ်ဦးချင်းစီ၊ တစ်ဖွဲ့ချင်းစီကလည်း မိမိတာဝန်ယူရသည့် ကဏ္ဍအသီးသီး၌
    စိုးရိမ်စိတ်၊ ကြောက်စိတ် မရှိပဲ တာဝန်ခံမှု၊ အာမခံမှုတို့ ရှိစေချင်ပါသည်
    ဂရန်တီဆိုသည်မှာ အမျိုးအစား စစ်မှန်ကြောင်း တာဝန်ခံ၍
    ခရီးသည်များဆုံးရှုံးလျှင် ခရီးသည်တစ်ဦးစီအတွက်
    ပစ္စည်းများဆုံးရှုံးလျှင် ပစ္စည်းတစ်ခုစီအတွက်
    လွတ်လပ်ရေးဆုံးရှုံးလျှင် လွတ်လပ်ရေးအတွက်
    ဆောင်းအိပ်မက်လို  ကယောက်လား/ကယက်လား မမေးနဲ့ မမြန်းနဲ့
    ဥက္ကဋ္ဌကြီးက သူ့ဘ၀နှင့်ပုံပြီး ပုံပြောပါမယ်လို့ အာမခံပေးသွားပါတယ်
    စိတ်ချမ်းသာမှု ဆိုသည်မှာ
    လိုအင်ဆန္ဒတွေ အလုံးစုံဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော်လည်း
    အသက် နှင့် ခန္ဓာ စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာပြုထားသူများ အဖြစ်
    ပို၍ နားလည်ရပါသည်၊ နားထွေး၍ လည် ရပါသည်
    လေယာဉ်ပျက်ကျရာတွင် ပျံလွန်တော်မူသွားသော ဘုန်းကြီးဆောင်းထီးများကို
    နို့တစ်စ်ဘုတ်တွင်လည်း ကပ်ထားသည်ကို မကြာမကြာ တွေ့ရှိရပါသည်
    အလောင်းများ ရှင်းပြီးသည့်တိုင်အောင် အပုပ်နံ့က မခံနိုင်အောင် ကျန်နေသေးသဖြင့်
    ဖြစ်-တည်-ပျက် (ဥပါဒ်-ဌီ-ဘင်) သဘောတရားကို နှလုံးသွင်းရပါသည်
    အာမခံကုမ္ပဏီများကို နို့တစ် ပေးရသည်၊ ဥပဒေစကား ပြောရသည်
    အလားတူပင် စက်ရုံကြီးများ မီးလောင်ခြင်း၊ မုန်တိုင်းကြီးများ တိုက်ခတ်ခြင်း
    စသည်များတွင် စိတ်မောလူမော ဖြစ်ရပေမည်
    ကံဆိုးမိုးမှောင်ကျသည့်နေ့ နှင့် ကံကောင်းနေချစ်ချစ်တောက်ပူသည့်နေ့ ဟူ၍ ရှိရာ
    မိဘပြည်သူများ ကြိုက်နှစ်သက်ရာ ဆုပန်နိုင်ကြပါကြောင်း
    သို့ အတွက် ကမ္ဘာတစ်ဝန်းရှိ ဖြစ်ပွားနိုင်သော ဆုံးရှုံးမှုများအတွက်
    သံစုံတီးဝိုင်း တစ်ဝိုင်းလောက်တော့ လက်တကမ်းတွင် အရန်သင့် ရှိနေသင့်ပေ၏
    သိုးထိန်း(အန္တိမ)